၂၀၁၇ ခုနှစ် ပထမအကြိမ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၅
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) သို့ ယမန်နေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) သို့ မွန်းလွဲပိုင်းတွင်လည်းကောင်း သွားရောက်၍ ကျောင်းသား/သူအိပ်ဆောင်များ၊ စားရိပ်သာများနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက် ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက်ရောက်မည့် ပထမနှစ်ကျောင်းသား/သူ များကိုတွေ့ဆုံမှာ ကြားသည်။
ထို့နောက် မွန်းလွဲ ၃နာရီတွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံဖြိုးရေး တက္ကသိုလ်၊ အားကစားကွင်း၌ကျင်းပသော ၂၀၁၇ ခုနှစ် ပထမအကြိမ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို တက်ရောက်ကြည့်ရှု အားပေးသည်။
     ဗိုလ်လုပွဲစဉ်အဖြစ် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံဖြိုးရေးတက္ကသိုလ် (က) အသင်းနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန် (က) အသင်းတို့ ယှဉ်ပြိုင်ကစားရာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန် (က) အသင်းကခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရရှိဗိုလ်စွဲသွားသည်။
     ဆုပေးပွဲတွင် ပွဲစဉ်တစ်လျှောက်နေရာလိုက် အကောင်းဆုံး ကစားသမားဆုများ၊ စတုတ္ထ၊ တတိယနှင့် ဒုတိယဆုရရှိသော အသင်းများအား ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက ဆုချီးမြှင့်ပြီး တံခွန်စိုက်ရရှိသော ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန် (က) အသင်းအား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဖလားပေး အပ်ချီး မြှင့်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကိုဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိကျောင်းများမှ တိုင်းရင်းသား လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ လူငယ်အချင်းချင်း အပြန်အလှန် ချစ်ခင်လေးစားမှု၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု၊ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်၊ ပျော်ရွှင်တက်ကြွလန်းဆန်းသော စိတ်ဓာတ်များဖြစ်ပေါ်စေရေးနှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်းအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူရရှိစေရေးနှင့် နိုင်ငံတော်အဆင့် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ကျင်းပပေးခြင်း ဖြစ်ပြီးပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၅) ကျောင်းတို့မှ ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သတင်းရရှိသည်။