အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့ လက်အောက်ရှိ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှု အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ မွန်းလွဲ (၂)နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။ 
    ရှေးဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေးစီမံခန့်ခွဲမှု အဖွဲ့ဝင် ဌာနများအနေဖြင့် ဘိန်းစိုက်ပျိုးသည့် (၅၁)မြို့နယ်အတွင်းရှိ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ကျေးရွာ (၄)အုပ်စု၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ အစားထိုးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်း လုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် ရှေ့ပြေးစီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ၏ အားသာချက် အားနည်းချက်များကို ပြန်လည် ဆန်းစစ် သုံးသပ်တင်ပြကြရန်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ရန်ပုံငွေသုံးစွဲမှု အခြေအနေများ၊ အသေးစားလူထုအခြေပြု ပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာဦးစီးဌာနများမှ မိမိတို့ဆောင်ရွက်သွားမည့် လုပ်ငန်းများ ကို အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးကြရန် မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသော အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနများမှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များက ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများအား အသေးစိတ်ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် အစားထိုးဖွံ့ဖြိုးရေး ဆိုင်ရာ ရှေ့ပြေးစီမံကိန်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်းရှိ ပေါ့အင်၊ မွေးပြင်၊ ပင်ခင်၊ လွယ်မော ကျေးရွာ အုပ်စု (၄)ခုတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ ရေရရှိရေး၊ မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ EXIM BANK ချေးငွေလုပ်ငန်းနှင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ခြင်း လုပ်ငန်းများအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်(၁၉၉၂.၂၇၆၂)သန်း ဖြင့် လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ(၆)လ တွင် ငွေကျပ် (၄၆၆.၄၁၀၅)သန်းဖြင့် လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ(၁၂)လတွင် ငွေကျပ် (၂၁၂၆.၂၈၄)သန်းဖြင့် လည်းကောင်း အသီးသီးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင်လည်းငွေကျပ် (၃၂၃၅.၃၀၈) သန်းဖြင့် လျာထား၍ လုပ်ငန်းများအား ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။