ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၏ ဆဌမအကြိမ် စီမံကိန်းပူးတွဲညှိနှိုင်းရေးကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော်ဇွန်  ၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း၍ "ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း"အား ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ (၅) နှစ် စီမံကိန်းဖြင့် ကျောက်မဲ၊ မူဆယ်၊ လောက်ကိုင်၊ လားရှိုးခရိုင်များ၌ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ အဆိုပါ စီမံကိန်း၏ ဆဌမအကြိမ်စီမံကိန်းပူးတွဲညှိနှိုင်းရေး ကော်မတီ အစည်းအဝေးအား ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်၊ အမရဟိုတယ်၌ ကျင်းပ ပြုလုပ်သည်။
    အစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ အဖွင့် အမှာစကား ပြောကြားပြီး JICA မြန်မာရုံး မှ Deputy Chief Representative ဖြစ်သူ Mr. Kotaro NISHIGATA မှ အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ စီမံကိန်း၏ ကျွမ်းကျင်ပညာရှင်များ၊ စီမံကိန်းတွဲဖက်ဝန်ထမ်းများမှ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ခဲ့မှုအကျဉ်းချုပ်၊ စီမံကိန်းမူဘောင်တွင်ပါရှိသည့်ညွှန်းကိန်းရလာဒ်များ၊ ၂၀၁၇ ဘဏ္ဍာရေး နှစ်အတွင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းအခြေအနေများ၊ ၂၀၁၈ ဘဏ္ဍာ ရေးနှစ်အတွင်း ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းအစီအစဉ်များ၊ အစားထိုးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆင့်ပွားသင်တန်း ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ ကြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး အစည်းအဝေးအား နေ့လည် (၁၁:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
        ဒုတိယပိုင်းအစဉ်အစီအရ  JICA စီမံကိန်းမှ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှ စတင်ဖွင့်လှစ်ခဲ့သည့် အစားထိုး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆရာဖြစ်သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့မှ ဝန်ထမ်း (၁၂) ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းသားများအနေဖြင့် ၎င်းတို့ လေ့လာသင်ယူခဲ့သည့် သင်ခန်းစာများနှင့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားကို မွန်းလွဲ (၁)နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့သည်။
    အဆိုပါ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ ဆဌမအကြိမ် စီမံကိန်းပူးတွဲညှိနှိုင်းရေး ကော်မတီအစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။