ဒီမော့ဆိုမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ဒီမော့ဆို မေ ၆

          နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးနှင့် တာဝန်ရှိသူတို့က ယမန်နေ့တွင် ဒီမော့ဆိုမြို့နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံ‌ငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေ အနေကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

          ဒီမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၁၃ ဒသမ ၅၇၆ သန်းဖြင့် ဒေါရောက်ခူ-ဟန်လီ-မော်သီဒိုကျေးရွာချင်းဆက်လမ်း (၂/၀) မိုင် ကျောက်ခင်းခြင်း၊ အဆိုပါလမ်းပေါ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၈ ဒဿမ ၄၀၈ သန်းဖြင့် လေးပေ Box Culvert နှစ်စင်းတည်ဆောက်ခြင်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၂၁၃ သန်းဖြင့် ဒေါရောက်ခူ-ခူဘာဒိုကျေးရွာချင်းဆက်လမ်း (၂/၀) မိုင် ကျောက်ခင်းခြင်းစသဖြင့် စုစုပေါင်း ကျောက်ခင်းလမ်း ငါးခုနှင့် Box Culvert ၁၂ စင်းစသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လုပ်ငန်းများအားလုံး ၅၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအကြား ပြီးစီးလျက်ရှိပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးကို တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။