ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လမ်း/တံတားဖွင့်ပွဲ အခမ်းအနားတက်ရောက်ဖွင့်လှစ်

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၂ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ သိမ်ကုန်း-ကျောက္ကတိ-ဒလပင် ကတ္တရာလမ်း (၄/ဝ)မိုင်ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ် ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက် ရောက်ခဲ့ကြသည်။
     အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးရွာပြည်သူလူထုကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။
     ထို့နောက် ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများသည် ရွာငံမြို့နယ်၊ သိမ်ကုန်း-ကျောက္ကတိ-ဒလပင်လမ်း (၄/ဝ)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆောင်ရွက်ပြီးစီးခဲ့သည့်လမ်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်အစိုးရရန်ပုံငွေ စုစုပေါင်း ခွင့်ပြုရန်ပုံငွေ(၅၃၈၁.၆၀၂၅)သန်းဖြင့် လမ်း/တံတား၊ ပညာရေး၊ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သာသနာရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိရာ ယခုဖွင့်လှစ်ခဲ့သည့် လမ်းပြီးမြောက်ခဲ့သည့်အတွက် ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာ(၄)ရွာ၊ အိမ်ထောင်စု (၈၀၇)စုနှင့် လူဦးရေ(၃၈၈၉)ဦးတို့၏ လမ်းပန်း ဆက်သွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် ရာသီမရွေး သွားလာ နိုင်တော့မည်ဖြစ်ပါသဖြင့် ဒေသခံပြည်သူများမှာ အထူးဝမ်းမြောက်ပျော်ရွှင်လျှက် ရှိကြောင်း သတင်းရရှိပါသည်။