ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ နှင့် A.G.T.I ဒီပလိုမာ (ပထမနှစ်) သင်တန်းသား/ သင်တန်းသူများအတည်ပြုရွေးချယ်

ရန်ကုန်၊ နိုဝင်ဘာ (၈)
    နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊ ကျောင်းအုပ်ကြီး၊ သင်တန်းသား ရွေးချယ်ရေးဗဟိုကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့်    ၂၀၁၉-၂၀၂၀ ပညာသင်နှစ် (ပထမနှစ်)သင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား အတည်ပြုရွေးချယ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ 
    နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ် များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (၄၅) ကျောင်းမှ အခြေခံပညာအထက်တန်း အောင်မြင်ပြီးသတ်မှတ် အမှတ် ပြည့်မီသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများအား ဝင်ခွင့်ရေးဖြေစာမေးပွဲကို သက်ဆိုင်ရာဒေသများတွင် ဝင်ရောက် ဖြေဆိုစေခဲ့ကာ ရေးဖြေအောင်မြင်သူများအနက် ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက် နှင့်ကိုက်ညီသော တိုင်းရင်းသား/တိုင်းရင်းသူများကို ဦးစားပေး၍ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး သင်တန်းသား ရွေးချယ်ရေးကော်မတီများမှ ပဏာမရွေးချယ်ခဲ့ပြီးနောက် သင်တန်းသားရွေးချယ်ရေး‌ ဗဟိုကော်မတီသို့ တင်ပြအတည်ပြုပြီး သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့မှ လူတွေ့ စိစစ်၍ အတည်ပြု ရွေးချယ်ခဲ့သည်။
    ယခုပညာသင်နှစ်တွင် ဒီဂရီကောလိပ် (ရန်ကုန်) အတွက် သင်တန်းသားရွေးချယ် ရေးဗဟိုကော်မတီက စိစစ်ရွေးချယ်ပေးခဲ့သော မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဝေးလံခေါင်ပါးသော နယ်စပ်ဒေသများမှ သင်တန်းသား၊ သင်တန်းသူ (၃၆၇) ဦးအား ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ (၄)နှစ်၊ A.G.T.I ဒီပလိုမာ (၃)နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးပါက ဘွဲ့၊ ဒီပလိုမာများ အပ်နှင်းပေးပြီး ဝန်ကြီးဌာနများတွင် အကြီးတန်းစာရေးအဆင့်တူ ရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
    ထို့နောက် ဒုတိယဝန်ကြီးသည် ပထမနှစ်သင်တန်းသားများ ထားရှိမည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာများ၊ အင်ဂျင်နီယာ လက်တွေ့အလုပ်ရုံများ၊ ဒီဂရီကောလိပ်ဆေးခန်း၊ ကျောင်းဝင်းအတွင်း ကိုယ်လက်ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ထားရှိ သည့် အားကစားကွင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပါသည်။