ကဘော်ချိုင့်ဝှမ်းဒေသဆီသို့ သမင်လည်ပြန်

မြင့်စိုး (နတလ) ပြီးခဲ့သည့် မေ ၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြို့ပေါ်(၄)ရပ်ကွက် ရေပေးဝေရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းအခမ်း အနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၊ ပြည်နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုထွေးတို့က ရေပေးဝေရေးလုပ်ငန်း စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ရေစတင် ပေးဝေရန် ရေဘားကိုဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဧည့် သည်တော်များသည် ရေစုပ်စက်ခန်း၊ ရေလှောင်ကန်များ၊ ရေတင်စက်များနှင့် လျှပ်စစ်မီးလိုင်းသွယ်တန်းထားသည်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အခမ်း အနားသို့ တက်ရောက်လာသော မြို့သူ မြို့သားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြသည်။

     စစ်ကိုင်းတိုင်းဒေသကြီးထဲက တမူးဆိုသည့်အသံကို ကြားလိုက်သည်နှင့် ကျွန်တော့်စိတ်အာရုံဝယ် ကဘော်ချိုင့်ဝှမ်းဒေသနှင့် ဘဝသစ်စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်မှုများ၊ နတလက ဆောင်ရွက်ပေးခဲ့သော နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်းသော ပုံရိပ်များက တဖျတ်ဖျတ် ပြန်လည်ထင်ဟပ်လာ စေခဲ့သည်။ ပို၍ အမှတ်တရရှိနေသည်ကတော့ ကျွန်တော် နတလကိုရောက်ပြီး နောက် မြင့်စိုး(နတလ) ကလောင်အမည်ကို စတင်မွေးဖွားကာ ပထမဆုံးရေးသားခဲ့ သော ဆောင်းပါးသည် ကဘော်ချိုင့်ဝှမ်းဒေသအကြောင်း ဖြစ်နေသောကြောင့်ပါ တည်း။

     ထိုစဉ်က ရေးသားခဲ့သော ဆောင်းပါးအမည်မှာ ''ကဘော်ချိုင့်ဝှမ်းဒေသ နတလနှင့် ဘဝသစ်စီမံကိန်း''ဟူ၍ ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ်မှစ၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသ ၁၈ ခု သတ်မှတ် ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ကဘော်ချိုင့်ဝှမ်းဒေသသည် တစ်ခု အပါအဝင်ဖြစ်ခဲ့သည်။ သို့သော် တော်တော်များများကတော့ ကဘော်ချိုင့်ဝှမ်းဆို သည့်အမည်နှင့် ခပ်စိမ်းစိမ်းပဲ ဖြစ်နေပါလိမ့်မည်။ ကျွန်တော်ကတော့ ကဘော် ချိုင့်ဝှမ်းဒေသဆိုသည့်အမည်ကို အလွန်နှစ်သက်ခဲ့မိပါသည်။ နှစ်သက်စရာ ရေမြေ တောတောင် သဘာဝပတ်ဝန်းကျင် ရာသီဥတုနှင့် လေးစားဖွယ်ရာ သမိုင်းကြောင်း အစဉ်အလာတို့ကလည်း ထိုဒေသတွင် ရှိနှင့်ပြီးဖြစ်နေတော့သည်။

     ဤဒေသသည် မြန်မာ့သူရဲကောင်းများဖြစ်သော ဘုရင့်နောင်၊ အလောင်းဘုရား၊ မြဝတီမင်းကြီးဦးစ၊ စစ်သူကြီးမဟာဗန္ဓုလတို့ မဏိပူရသို့ စစ်ချီရာလမ်းကြောင်း၊ မျိုးရိက္ခာများစုဆောင်းရာ စခန်းထောက်ဒေသ ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်နှင့် အင်္ဂလိပ်တို့၏ က္ဘာကျော် အင်ဖာတိုက်ပွဲကြီးအပါအဝင် စစ်ပွဲကြီးများ ဆင်နွှဲခဲ့ကြရာ၌လည်း ဤဒေသသည် စစ်ချီလမ်းကြောင်းများဖောက် လုပ်ခဲ့ရာဒေသ ဖြစ်ခဲ့သည်။ ထို့ပြင်တဝ မြန်မာ့မျိုးချစ်တပ်မတော်မှ ဗိုလ်မှူးကြီး ဗထူးဦးစီးသော တပ်မတော်သားများ အသက်သွေးချွေးနှင့်ရင်း၍ သနန်-တုံဟဲလမ်း၊ တမူး-စစ်သောင်လမ်းများကို ဖောက်လုပ်ခဲ့သောဒေသဖြစ်ကြောင်းလည်း မှတ်သား သိရှိခဲ့ရပါသည်။

     အလောင်းဘုရား ဦးအောင်ဇေယျသည် မဏိပူရ ကသည်းဒေသသို့စစ်ချီရာတွင် ဤမြို့ဤနေရာသို့အရောက် တပ်မှူးကြီး စက်ရောင်ဘီလူးကို အစောင့်အနေ တပ်ချ ထားခဲ့သဖြင့် တပ်မှူးမြို့ဟုခေါ်တွင်ခဲ့ကြကြောင်း၊ ¤င်းမှ ကာလရွေ့လျောပြီး တမူးမြို့ ဖြစ်လာကြောင်း၊ တမူးမြို့နယ်ခန်းမကိုလည်း စက်ရောင်ဘီလူးခန်းမဟု ဂုဏ်ပြုမှည့် ခေါ်ထားကြောင်း သိရှိရပါသည်။

     စောစောက ကျွန်တော်တင်ပြခဲ့သော ဘဝသစ်စီမံကိန်းဆိုသည်ကိုတော့ ၁၉၉၃-၁၉၉၄ နှစ်များတွင် စတင်ကွင်းဆင်းလေ့လာကာ ထိုစဉ်က ဝန်ကြီးဌာနများဖြစ်သော လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သစ်တောရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြခြင်းဖြစ်သည်။ ကွင်းဆင်းလေ့လာသော ပုဂ္ဂိုလ်များမှာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးမောင်သင့်၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်လှိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်၊ သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ဖုန်းတို့ ဖြစ်ကြသည်။ ရာထူး တာဝန်အမျိုးမျိုးကို ပြောင်းလဲထမ်းဆောင်ကြရင်း အချို့မှာကား ကွယ်လွန်ခဲ့ကြ ပေပြီ။

     ထိုအချိန် ထိုကာလက ထိုဒေသသို့သွားရောက်ပြီး ထိုစီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သူများထဲ၌ နတလမှ ဗိုလ်မှူးတင်မောင်အေး (နောင် တွင် ညွှန်ကြားရေးမှူး-ငြိမ်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ)၊ ဗိုလ်ကြီး အောင်ကျော်လှ (နောင်တွင် အမှုဆောင်အရာရှိ-ငြိမ်း၊ စည်ပင်သာယာရေးဦးစီးဌာန)တို့ ပါဝင်ခဲ့ကြသည်။ ကဘော်ချိုင့်ဝှမ်းဒေသ၏ သမိုင်းကြောင်းဆိုင်ရာ အချက် အလက်များ၊ ဘဝသစ်စီမံကိန်းနှင့်ပတ်သက်သော သိမှတ်စရာများ၊ ထိုဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သော နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကိန်းဂဏန်းအချက်အလက် တော်တော်များများကို သူတို့ထံမှ မေးမြန်း မှတ်သား ရယူခဲ့ဖူးသည်ကိုလည်း ပြန်လည်အမှတ်ရနေမိပါသည်။ ဘဝသစ်စီမံကိန်း ကို အကြောင်းပြု၍ ပထမဆုံးရေးသားခဲ့သောဆောင်းပါးကို မြန်မာ့အလင်း သတင်းစာက ၁၉၉၅ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် ဖော်ပြပေးခဲ့ခြင်းဖြစ်သည်။ တမူးဒေသနှင့် ကျွန်တော် မြင့်စိုး(နတလ)တို့၏ ရေစက်က ဤသို့ဤနှယ် စတင် ခဲ့ခြင်းဖြစ်၏။

     ကဘော်ချိုင့်ဝှမ်းဒေသ၏ ဘဝသစ်စီမံကိန်းကြောင့် ဖွံ့ဖြိုးရေးရွာသစ်များ ပေါ်ပေါက်လာခဲ့ရာ ဆရာစံကျေးရွာကို ၁၉၉၄ ခုနှစ် မတ် ၁၅ ရက်တွင် အိမ်ခြေ ၁ဝဝ ဖြင့်လည်းကောင်း၊ ဗန္ဓုလကျေးရွာကို ၁၉၉၅ ခုနှစ် မေ ၂၃ ရက်တွင် အိမ်ခြေ ၁ဝဝ ဖြင့်လည်းကောင်း၊ ဦးအောင်ဇေယျကျေးရွာကို ၁၉၉၅ ခုနှစ် ဇွန် ၃ဝ ရက် တွင် အိမ်ခြေ ၂ဝဝ ဖြင့်လည်းကောင်း စတင်တည်ထောင်ပေးခဲ့ခြင်းဖြစ်၏။ ဆက်လက်၍ သနန်၊ မြို့သစ်၊ အုတ်ဖို/ကန်ဘောင်၊ ရာဇဂြိုဟ်စသော ကျေးရွာများ ကိုလည်း တည်ထောင်ပေးခဲ့သည်။ ထိုစဉ်က တမူးမြို့အထက်ပိုင်း ကျေးရွာအုပ်စု ခုနစ်အုပ်စုကို အထက်ကဘော်ဟူ၍လည်းကောင်း၊ တမူးမြို့အောက်ပိုင်း ကျေးရွာ အုပ်စု ၁၆ အုပ်စုကို အောက်ကဘော်ဟူ၍လည်းကောင်း ခေါ်ခဲ့ကြသည်ဆို၏။ ထိုစဉ်က ကျေးရွာအဆင့်ရှိခဲ့သော အချို့ရွာကလေးများသည် ယခုအခါ မြို့ပြဒေသ များအဖြစ် ပြောင်းလဲခဲ့ကြပြီဖြစ်သည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူးဒေသ၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ကျွန်တော့်ဘဝ တွင် မှတ်မှတ်ရရ ကုသိုလ်ဖြစ်ဆောင်ရွက်ခဲ့သော လုပ်ငန်းတစ်ခု ပါဝင်နေပါသည်။ မင်းသမီးကျေးရွာ၌ ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ပေးနိုင်ရေးအတွက် တမူး ဒေသခံမိတ်ဆွေကြီး ဦးခင်မောင်ဆွေတို့နှင့် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းပင်။ အဆိုပါ မင်းသမီးကျေးရွာသည် ယူးချောင်းဘေး၌တည်ရှိနေပြီး လွန်ခဲ့သည့် နှစ် နှစ်ခန့်ကဖြစ်ပေါ်ခဲ့သော သဘာဝရေဘေးဒဏ်ကြောင့် ရွာလုံးကျွတ်ပျက်စီးကာ နေရာပြောင်းရွှေ့ တည်ဆောက်ခဲ့ရသည်။ ရွာသစ်နေရာ၌ နှစ်ထပ်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဆောက်လုပ်ပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီးထံတင်ပြ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်၏။ ပြီးစီးသွားပြီဖြစ်သော ဘုန်းကြီး ကျောင်းကို မြင်တွေ့ရသောအခါ ကြည်နူးဝမ်းသာဖြစ်ခဲ့ရသည်။

     ယခုဖွင့်လှစ်ပေးခဲ့သော တမူးမြို့ပေါ်(၄)ရပ်ကွက် ရေပေးရေးလုပ်ငန်းကို ၂ဝ၁၄ ခုနှစ်၌ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ကလေးခရိုင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန၊ ကလေးခရိုင် ရေအရင်းအမြစ်ဌာနတို့ဖြင့် စတင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း၊ ရေပေးဝေရေးအတွက် မဟူရာချောင်း(ခေါ်) ကံကြီးဝချောင်းအတွင်း အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား၏အရှေ့ ဘက် သံတံတားအောက် ရေနက်ပိုင်းမှရေကို ရယူထားခြင်းဖြစ်ကြောင်း၊ ထိုနေရာ တွင် အိန္ဒိယနိုင်ငံ မိုရေးမြို့သို့ ရေပေးဝေရေးဆောင်ရွက်နေသည့် ရေတင်စက်ရုံနှင့် ရေအရင်းအမြစ်လည်းရှိကြောင်း သိရသည်။

     ထိုကဲ့သို့ လေ့လာတွေ့ရှိချက်များကိုအခြေခံကာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၇၈ဝ ဖြင့် Authentic Water and Waste Water Co,Ltd က လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်၏။ ပြီးခဲ့သည့် ဧပြီ ၂၈ နှင့် ၂၉ ရက်များကလည်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မွန်ပြည်နယ် ကျိုက်ထိုမြို့ မြို့ပေါ်(၆)ရပ်ကွက် ရေပေးရေးလုပ်ငန်းနှင့် သထုံမြို့ သုဓမ္မဝတီမြို့ကွက်သစ် ရေ ပေးရေးလုပ်ငန်းများကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသေးသည်။

     ယခုလည်း ကျွန်တော်ချစ်သော ကဘော်ချိုင့်ဝှမ်းဒေသ၊ ကျွန်တော်၏ စာပေခရီး လမ်းတွင် အမှတ်တရဖြစ်စေသော ကဘော်ချိုင့်ဝှမ်းဒေသ၊ ထိုဒေသ၏ အသည်း နှလုံးဟု သညာပြုနိုင်သော တမူးမြို့တွင်နေထိုင်သည့် မြို့သူ၊ မြို့သားများ သန့်ရှင်း သောသောက်သုံးရေ ရရှိသွားခြင်းအတွက် များစွာ ကြည်နူးဝမ်းသာဖြစ်ရပါသည်။ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားသော တမူးဒေသအပါ အဝင် ကဘော်ချိုင့်ဝှမ်းဒေသကြီးတစ်ခုလုံး အရှိန်အဟုန်မပျက် ဆက်လက်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆန္ဒပြုလျက်။ ။

 

Post Paragraph