ကျောက်မဲမြို့နယ်အတွင်း ဆောင်ရွက်ပေးနေသည့် နမ့်ဆီကာ-ပိန်းအင် (ပန်းတောင်) ရွာချင်းဆက် မြေသားလမ်း (၇၅) ရာခိုင်နှုန်းပြီးစီး

ကျောက်မဲ  မေ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် တောင်နီကျေးရွာအုပ်စု၊ နမ့်ဆီကာ-ပိန်းအင်(ပန်းတောင်) ကျေးရွာချင်းဆက် မြေသားလမ်းအရှည် (၆) မိုင်နှင့် ရေထုတ်မြောင်း (Box Culvert) (၂၁)ခု ဆောင်ရွက်နေမှုကို ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သက်နှင့် တာဝန်ရှိသူတို့သည် မေလ (၁၆) ရက်နေ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းအား ပြည်ထောင်စုရန်ပုံငွေကျပ် ၂၄၄ ဒဿမ ၁၀၁ သန်း ဖြင့်လည်းကောင်း၊ ရေထုတ်မြောင်း (Box Culvert) (အလျား ၅ ပေ၊ အနံ ၅ ပေ၊ အရှည် ၂၆ ပေ)   ၂၁ စင်းကို ရန်ပုံငွေကျပ် ၉၆ ဒဿမ ၉၁၉ သန်းဖြင့်လည်းကောင်း တင်ဒါအောင်မြင်သည့် ACM ကုမ္ပဏီမှ ဆောင်ရွက်ခဲ့ရာ ယခုကွင်းဆင်း စစ်ဆေးချိန်တွင် ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး ကျန်ရှိလမ်းအပိုင်းများကို  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းအပြီး ဆောင်ရွက်သွားမည်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်း ပြီးစီးပါက ယင်းလမ်းနှင့် ဆက်စပ်နေသည့်  ကျေးရွာ ၉ ရွာမှ အိမ်ထောင်စု ပေါင်း  ၆၂၀ ကျော်နှင့် လူဦးရေ ၂၅၀၀ ကျော်၏ လူမှုဘဝနှင့် စီးပွားရေးကို ဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ် ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)