ကော့ကရိတ်မြို့နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးရွာချင်းဆက်တံတား (၂) စင်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကော့ကရိတ် ဇွန် ၂၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်သည့် ထို့ကော်ကိုးကျေးရွာရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား (၂) စင်း တည်ဆောက်ပြီးစီးနေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါတံတားသည် ကော့ရိတ်မြို့နယ် ထို့ကော်ကိုး-ကျော်ခို ကျောက်ရောမြေသားလမ်း (၁၈/၄) မိုင် လမ်းပေါ်တွင် (၅၀)ပေ သံကူကွန်ကရစ်တံတား (၁) စင်းနှင့် (၆၀)ပေ သံကူကွန်ကရစ်တံတား (၁) စင်းတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းပြီးစီးမှုကို ကော့ကရိတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူး၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်အင်ဂျင်နီယာ (မြို့ပြ) ဦးကောင်းမြတ်ထွဋ်နှင့် ဒေသခံတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား(၂)စင်း တည်ဆောက်ပေးခြင်းကြောင့် ကျေးရွာ(၁၅)ရွာ၊ အိမ်ထောင်စု (၃၀၀) လူဦးရေ (၁၂၅၀) ဦးအား အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာသည့်အပြင် ကျေးရွာပြည်သူများ၏ ကုန်စည်စီးဆင်းမှုသည်လည်း ယခင်ကထက် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးထက်အောင်(ပြန်ဆက်)