ကချင်ပြည်နယ်၌ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၃၁

          ကချင်ပြည်နယ်အတွင်း ဇူလိုင်လ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ် (၄) မိုင်တပ်စခန်း-စုစည်း-တောင်သုံးလုံး-မက်လင်ကော့လမ်း ၁၉ မိုင်တွင် တောင်ပြို မြေပြိုကျမှုများ၊ သစ်ပင်များ ပြိုလဲ၍ လမ်းကြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကြည်က ယမန်နေ့တွင် အဆိုပါလမ်းပိုင်းအား ပြန်လည်ပြုပြင်ထိန်းသိမ်းရမည့် အခြေအနေများ၊ လတ်တလော လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် ယာဉ်/ယန္တရားများဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

စတင်အသုံးပြု

          အဆိုပါလမ်းသည် ချီဖွေမြို့နယ် (၄) မိုင် တပ်စခန်း-စုစည်း-တောင်သုံးလုံး-မက်လင်ကော့-လန်းယန်လမ်း ဖြစ်ပေါ်မလာသေးသည့် ရှေးယခင်အချိန်များကပင် ချီဖွေ-လောခေါင်-ထော့ဂေါ့-ဖီမော်လမ်းအဖြစ် စတင်အသုံးပြုခဲ့ကြပြီး ၂၀၁၃ ခုနှစ်တွင် (၄) မိုင်တပ်စခန်းမှ စုစည်း-တောင်သုံးလုံး-မက်လင်ကော့လမ်း ၁၉ မိုင်အား ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထ လမ်းအဖြစ် ဖောက်လုပ်ခဲ့သော်လည်း နှစ်စဉ် မိုးရွာသွန်းမှုများ၍ တောင်ပြိုမြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ဒေသခံပြည်သူများ၏ တောင်းဆိုမှုအရ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၄-၂၀၁၅၊ ၂၀၁၇-၂၀၁၈၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တို့တွင် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လမ်းပိုင်းအား ကျောက်ခင်းခြင်းနှင့် လမ်းတာချဲ့ခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။

အမြန်ဆုံးဆောင်ရွက်ပေးမည်

          ၎င်းလမ်းပိုင်းသည် မြစ်ကြီးနားမြို့ ချီဖွေမှ ဆော့လော်သို့လည်းကောင်း၊ ချီဖွေမှ ဖီမော်-ကန်းဖန့်-လန်ဆယ်-သထုံဇင်-ခေါင်လန်ဖူးမြို့နယ်သို့လည်းကောင်း ဆက်သွယ် သွားလာလျက်ရှိသော အဓိကလမ်းမကြီးဖြစ်သောကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရေးအတွက် အမြန်ဆုံးစီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းသိရသည်။