မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြစ်သော စတုတ္ထအကြိမ် အိန္ဒိယအထောက်အပံ့ဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယ နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းအရ စတုတ္ထအကြိမ် အိန္ဒိယ နိုင်ငံအထောက်အပံ့ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လဟယ်-လောင်ကျန်းနောက်ကုန်း - တိုက်ရံ ကြား မြေလမ်း (၅/၀)မိုင် အပြီးသတ် ဖောက်လုပ်ခြင်းလုပ်ငန်းကို ဇွန် ၂၄ ရက်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြား ရေးမှူး ဦးအောင်တင်ကျော်နှင့် ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်၊ ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးရဲမင်းတို့နှင့်အတူ ကွင်းဆင်း စစ်ဆေးကြည့်ရှုသည်။

အဆိုပါလမ်းသည် (၁၁/၂) မိုင် ခန့်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သော တတိယအကြိမ် အိန္ဒိယအထောက်အပံ့ဖြင့် (၆/၂)မိုင် မြေလမ်းဆောင်ရွက်ပြီးစီးခဲ့ပြီး ယခု အပြီးသတ် (၅/၀)မိုင် ဖောက်လုပ် လျက်ရှိရာ လုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီး အဆိုပါလမ်း ဖောက်လုပ် ပြီးစီးသွားပါက လောင်ကျန်းနောက် ကုန်းကျေးရွာ၊ တိုက်ရံကျေးရွာ၊ ဆော်လော်ကျေးရွာ၊ ပုံညိုကျေးရွာ၊ ယမ်းကြုံးကျေးရွာ၊ လုံဝသိင်္ခကျေးရွာ လမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံ ပြည်သူလူထုများအနေဖြင့် လဟယ် မြို့သို့ ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေးကိစ္စရပ်များကို အဆင်ပြေ ချောမွေ့စွာ အချိန်တိုတိုဖြင့် သွားလာ နိုင်မည် ဖြစ်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေ ဖြင့် အိန္ဒိယနိုင်ငံနှင့်ပူးပေါင်း၍ နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်နေသော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ချင်းပြည်နယ်တို့တွင် ဒေသဖွံ့ဖြိုး‌ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ စီမံကိန်းစတင်ချိန်မှ ယခုစတုတ္ထအကြိမ် အထောက်အပံ့အထိ လဟယ် မြို့နယ်၊ လေရှီးမြို့နယ်နှင့် နန်းယွန်း မြို့နယ်တို့တွင် လမ်းတံတားလုပ်ငန်း ၃၂ ခု၊ ပညာရေးလုပ်ငန်း ၁၄ ခုနှင့် ကျန်းမာရေးလုပ်ငန်း ၂၂ ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ရာ ဒေသခံများအနေဖြင့် လူမှု စီးပွားဘဝများ ဖွံ့ဖြိုးအဆင်ပြေလာမှု ကြောင့် ဝမ်းမြောက်လျက်ရှိကြ ကြောင်း သိရသည်။

သတင်းစဉ်