မန္တလေးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၌ သောက်သုံးရေရရှိရေး နယ်စပ်ရေးရာဝန်ကြီးဌာန ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဧပြီ ၂၉

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ညှိနှိုင်းတောင်းဆိုလာမှုအရ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း၏ ပေနက်တွင်းတူးစက် အကူအညီရယူကာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကြပ်မတ်ဆောင် ရွက်မှုဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ်နေသော ကျေးရွာများအတွက်‌ ရေနက်တွင်းတူးဖော်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ရေနက်တွင်းတူးဖော်ခြင်းလုပ်ငန်းစဉ်များအနက်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၁၈ ဒသမ ၄၃ သန်းဖြင့် သန့်ရှင်းသော သောက်သုံးရေ လိုအပ်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်အတွင်း၌ အနက်ပေ ၄၀၀ စက်ရေတွင်း တစ်တွင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် လုပ်ငန်းအား ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၅ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၄ ရက်တွင် ရေတွင်းတူးဖော်ခြင်း လုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုနှင့် ကျန်ဆက်စပ်လုပ်ငန်းများ စနစ်တကျ ‌ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိသူများက ဧပြီ ၂၈ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေ ရှားပါးသည့် ကျေးရွာများ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာ ခြောက် ရွာတို့၌ အဝီစိရေနက်တွင်း တူးဖော်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်နှင့် မန္တလေးတိုင်း‌ဒေသကြီး ငါ့သရောက်မြို့နယ် တောင်ဇင်းကျေးရွာအုပ်စု မန်ကျည်းစောက်ကျေးရွာတို့တွင်လည်း ဆက်လက်တူးဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်လင်းကြည်