နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁)နှစ်တာကာလအတွင်း “နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်နိုင်ငံလုံး ပြည်နယ်၊ ပြည်မ အကြားအလပ်မရှိ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးရန်” ဆိုသည့် မဟာဗျူဟာကိုချမှတ်ကာ အဓိကလုပ်ငန်းတာဝန် ၂ ရပ်၊ မူဝါဒ ၄ ရပ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံ့လူဦးရေ၏ ၃၇ ဒသမ ၈၇ ရာခိုင်နှုန်းခန့် လွှမ်းခြုံ

နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နှစ်နိုင်ငံ နယ်စပ်မျဉ်း များနှင့် ထိစပ်နေသည့် ပြည်နယ် ခုနစ်ခု၊ တိုင်းဒေသကြီး နှစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုတို့တွင် ရှိသည့် မြို့နယ် ၁၆၇ မြို့နယ် မှ ကျေးရွာပေါင်း ၃၀၀၀၀ ကျော်တွင် နေထိုင်သည့် လူဦးရေ ၁၉ သန်းကျော်ကို ဦးတည် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့လူဦးရေ၏ ၃၇ ဒသမ၈၇ရာခိုင်နှုန်းခန့် လွှမ်းခြုံဆောင်ရွက် ပေးလျက်ရှိသည်။

နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် MSDP နှင့် ချိတ်ဆက် ဆောင်ရွက်နေခြင်း ဖြစ်သည်။ MSDP ၏မဏ္ဍိုင်များ၊ ပန်းတိုင်များ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များသည် ကုလ သမဂ္ဂက ချမှတ်ထားသော စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် SDG ၊ နိုင်ငံတော်၏ စီးပွားရေး မူဝါဒ၊ မဲခေါင်ဒေသတွင်း မဟာဗျူဟာ မူဘောင်၊ အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် အခြားသော ဒေသတွင်းကတိကဝတ်များနှင့် ကိုက်ညီမှု ရှိအောင် ရေးဆွဲထားခြင်း ဖြစ်သည်။ MSDP မှာ အဓိကအားဖြင့် မဏ္ဍိုင် (၃) ရပ်ပါဝင်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် မဏ္ဍိုင်(၁) ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၏ ပန်းတိုင် (၁)၊ မဟာဗျူဟာ 1.2 ဖြစ်တဲ့ “တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မျှတပြီး ပဋိပက္ခမဖြစ်ရေး ဦးတည်သည့် လူမှုစီးပွားဖွံ့ဖြိုးမှုကို မြှင့်တင်ရေး” ဆိုသည့် မဟာဗျူဟာနှင့် ချိတ်ဆက်ပြီး တစ်နိုင်ငံလုံး ပြည်နယ်၊ ပြည်မ အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

အလားတူမဏ္ဍိုင် (၂) သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ပန်းတိုင် (၃) မဟာ ဗျူဟာ 3.6 ပါ ကျေးလက်ဒေသ သယ်ယူ ပို့ဆောင်ရေး ချိတ်ဆက်မှု တိုးတက်စေရန် ဆိုသည့် လုပ်ငန်းစဉ်အရ လမ်းတံတားလုပ်ငန်းများ၊ မဟာဗျူဟာ 3.1 ပါ ပိုမိုအကျိုးရှိပြီး ရေရှည်တည်တံ့သည့် ရေအသုံးပြုမှု စီမံခန့်ခွဲရေးစနစ်ကို ထောက်ပံ့ပေးခြင်းလုပ်ငန်းစဉ်အရ စိုက်ပျိုးရေ ရရှိရေးနှင့် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ၊ မဏ္ဍိုင်(၃) ပန်းတိုင် (၅) မဟာဗျူဟာ 5.4 ပါ လုပ်ငန်းစဉ်အရ လျှပ်စစ်ဓာတ်အားရရှိရေး လုပ်ငန်းများနှင့် မဟာဗျူဟာ 5.6 ပါ လုပ်ငန်းစဉ်အရ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများကို အသီးသီးချိတ်ဆက် အကောင်အထည်ဖော်လျက်ရှိသည်။

နှစ် ၂၀ စီမံကိန်းရေးဆွဲ

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက် ရာတွင် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၃၀ - ၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ် ၂၀ စီမံကိန်း ရေးဆွဲထားပြီး နှစ်လတ် ငါးနှစ် စီမံကိန်းလေးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပထမ နှစ်လတ် ၅ နှစ် စီမံကိန်း ကာလဖြစ်တဲ့ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်မှ ၂၀၁၅ ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း စီမံကိန်းလျာထားချက် လုပ်ငန်းများ၏ ၄၂ ဒသမ ၂၅ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။

လက်ရှိကာလသည် ဒုတိယ နှစ်လတ် ငါးနှစ်စီမံကိန်း၏ စတုတ္ထနှစ်ကာလဖြစ်ပြီး ယခု အချိန်အထိ ဒုတိယ နှစ်လတ်စီမံကိန်းပါ လုပ်ငန်းများမှ လမ်းတံတားလုပ်ငန်းတွင် ၅၂ဒသမ ၂၄ ရာခိုင်နှုန်း၊ ပညာရေးလုပ်ငန်းတွင် ၁၈ ဒသမ ၅၀ ရာခိုင်နှုန်း၊ ကျန်းမာရေးလုပ်ငန်း တွင် ၂၆ ဒသမ ၀၉ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးသောက်သုံးရေရရှိရေး လုပ်ငန်းတွင် ၅၉ ဒသမ ၄၆ ရာခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အားရရှိရေး လုပ်ငန်းတွင် ၂၇ ဒသမ ၈၃ ရာခိုင်နှုန်း၊ အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းတွင် ၂၇ ဒသမ ၄၂ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကာ ဒုတိယ နှစ်လတ် ငါးနှစ် စီမံကိန်းလုပ်ငန်းများ၏ ၃၈ ဒသမ ၇၂ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ လာမည့် ဒုတိယ နှစ်လတ် ငါးနှစ် စီမံကိန်း၏ နောက်ဆုံး နှစ်ဖြစ်သည့် ပဉ္စမနှစ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးချိန်တွင် ပထမ နှစ်လတ် ၅ နှစ်စီမံကိန်း အကောင်အထည်ဖော်နိုင်မှုထက် ပိုမိုဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

တိုးတက်ဆောင်ရွက်
စတုတ္ထ (၁) နှစ်တာကာလအတွင်း နယ်စပ်ဒေသအသီးသီး၌ မြေလမ်း ၂၃၀ မိုင် ၄ ဖာလုံ၊ လမ်းတာချဲ့ခြင်း ၃၉ မိုင် ၃ ဖာလုံ၊ ဖြုန်း ကျောက်ခင်းခြင်း ၁၁ မိုင်၊ ကျောက်လမ်း ၂၆၆ မိုင် ၂ ဖာလုံ၊ ကတ္တရာလမ်း ၂၅ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၅ မိုင် ၃ ဖာလုံ၊ လမ်းပြုပြင် ထိန်းသိမ်းခြင်း ၁၅၅ မိုင် ၁ ဖာလုံ၊ တံတားကြီးနှင့် တံတားငယ် ၁၂၇ စင်း၊ Box Culvert အစင်း ၈၃၀၊ မူလတန်းကျောင်း တစ်ကျောင်း၊ သောက်သုံးရေရရှိရေးလုပ်ငန်း တစ်ခု၊ ကျေးရွာအရောက် စိမ့်စမ်း ရေသွယ်ယူခြင်း ၄၈ မိုင် ၁ ဖာလုံ၊ စက်တူးတွင်း(တွင်းနက်) ၆ တွင်း၊ စက်တူးတွင်း (တွင်းတိမ်) ၁၁ တွင်း၊ ရေလှောင်ကန် တစ်ကန်၊ အုတ်ရေကန် ၃၁၀၊ လျှပ်စစ်မီးသွယ်တန်းခြင်း ၂၃ မိုင် ၆ ဖာလုံ၊ ဆိုလာမီးလင်းရေး ၁၇၉ စုံနှင့် တန်ဖိုးနည်း အိမ်ရာဆောက်လုပ်ရေး ၂၇၇ လုံး တိုးတက်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

လေးနှစ်တာ ကာလအတွင်းမှာ လမ်း တံတားကဏ္ဍတွင် မြေလမ်း ၁၉၅၁ မိုင်၊ လမ်းတာချဲ့ခြင်း ၁၅၂ မိုင် ၁ ဖာလုံ၊ ကျောက်လမ်း ၁၁၀၉ မိုင် ၆ ဖာလုံ၊ ကတ္တရာ လမ်း ၂၂၃ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၅၄ မိုင် ၂ ဖာလုံ၊ လမ်းပြုပြင် ထိန်းသိမ်းခြင်း ၄၀၉ မိုင်၊ ပေ ၁၀၀ အထက် တံတားကြီး ၃၆ စင်း၊ တံတားငယ် ၅၇၇ စင်း၊ Box Culvert ၅၆၈၉ စင်း၊ ပညာရေးကဏ္ဍတွင် မူလတန်းကျောင်း ၂၃ ကျောင်း၊ အလယ်တန်းကျောင်း ခြောက်ကျောင်း၊ အထက်တန်းကျောင်း နှစ်ကျောင်း၊ ကျန်းမာရေးကဏ္ဍတွင် ဆေးရုံ တစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ သုံးခု၊ ရေရရှိရေးကဏ္ဍတွင် သောက်သုံးရေ ရရှိရေး လုပ်ငန်း ခြောက်ခု၊ စိမ့်စမ်းရေသွယ်ယူရေး လုပ်ငန်း ၃၄၄ မိုင်၊ မီးလင်းရေးကဏ္ဍတွင် လျှပ်စစ်မီးသွယ်တန်းခြင်း ၂၃ မိုင် ၆ ဖာလုံ၊ ဆိုလာမီးတပ်ဆင်ခြင်း ၉၁၃၄ စုံ၊ အိမ်ရာဆောက်လုပ်ရေးကဏ္ဍတွင် IDP Camp တဲတန်းလျားဆောက်လုပ်ခြင်း ၁၇၆ လုံးနှင့် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ခြင်း ၇၇၉ လုံးတို့ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

လမ်းပန်းဆက်သွယ်မှုကဏ္ဍ
“နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ လမ်းပန်းဆက်သွယ်မှုကဏ္ဍ ကောင်းမွန်မှုကို အဓိကထား ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါ ဒေသဖွံ့ဖြိုးရေးအတွက်သာမက နိုင်ငံတော် လုံခြုံရေးအတွက်ပါ အရေးပါတဲ့ နိုင်ငံ နယ်နိမိတ်တစ်လျှောက် နယ်စပ်လမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ သိသာထင်ရှားတဲ့ လမ်းအနေနဲ့ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းမှာရှိတဲ့ မဂ္ဂဇ - ခေါင်လန်ဖူး လမ်း ၆၅ မိုင် ၄ ဖာလုံ ဖောက်လုပ်ခြင်း လုပ်ငန်း ဖြစ်ပါတယ်။ ခေါင်လန်ဖူး ဒေသဟာ ဧရိယာ စတုရန်းမိုင် ၂၀၀၀ ခန့် ကျယ်ဝန်းပြီး လူဦးရေ ၁၅၀၀၀ ခန့်သာရှိတဲ့အတွက် လူဦးရေသိပ်သည်းဆနည်းပါးတဲ့ ဒေသဖြစ်ပါတယ်။ သို့သော် ရာသီဥတုပြင်းထန်ဆိုးရွားခြင်း လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းများကြောင့် နှစ်စဉ်ဒေသတွင်း စားနပ်ရိက္ခာ လုံလောက်မှုမရှိဘဲ ဒေသဖွံ့ဖြိုးမှု အဘက်ဘက်က နောက်ကျကျန်နေတဲ့ ဒေသဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ နယ်စပ်ရေးရာဝန်ကြီးဌာနက တပ်မတော်၊ ဌာနေ ပြည်သူ့စစ်တို့နဲ့ ပူးပေါင်းပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တတိယ စီမံကိန်းကာလ တွင် မဂ္ဂဇ-ခေါင်လန်ဖူး လမ်းလုပ်ငန်း စီမံကိန်းရဲ့ အခက်အခဲဆုံးဖြစ်တဲ့ အမြင့်ပေ ၇၈၀၀ ခန့်ရှိ ဆန်းလွတ်ချက်ကျောက်တောင် ထိပ် ၃၃ မိုင် ၆ ဖာလုံလမ်း ဖောက်လုပ်နိုင်ခဲ့ပါတယ်။ လုပ်ငန်းတွေအရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်ခဲ့ရာ စတုတ္ထနှစ်အတွင်းမှာ ဆန်းလွတ်ချက် တောင်ထိပ်ကနေ မေခမြစ်ကမ်းပါးအထိ ၄၃ မိုင် ၂ ဖာလုံလမ်းဖောက်နိုင် ခဲ့ပါပြီ”ဟု နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြောသည်။

ခေါင်လန်ဖူးအထိလမ်းဖောက်
မေခမြစ်ကို ပွင့်လင်းရာသီတွင် အချိန်ကိုက် ဖြတ်ကူးနိုင်ရေးသည် လမ်းဖောက်လုပ် ရေး၏ အဓိကကျသည့် ဒုတိယ အခက်အခဲ ဖြစ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာနသည် ကြိုတင်စဉ်းစား ပြင်ဆင်ဆောင်ရွက်နိုင်သည့်အတွက် ယခုပွင့်လင်း ရာသီတွင် မေခမြစ်တစ်ဖက်ကမ်းကို လမ်းဖောက်လုပ်မည့် စက်ယန္တရားများကို ပို့ဆောင်ခဲ့ပြီးဖြစ်သဖြင့် မဝေးတော့ သည့်ကာလတွင် ခေါင်လန်ဖူးအထိ လမ်းဖောက်လုပ်ပြီးစီးတော့မည် ဖြစ်သည်။

“ဒီလမ်းဖောက်လုပ် ပြီးစီးသွားတဲ့အခါ ခေါင်လန်ဖူးကနေ တရုတ်နိုင်ငံနယ်စပ်ဖြစ်တဲ့ ရှိန်းခေါင်ဒေသအထိ ဆက်လက် လမ်းဖောက်ပေးမှာ ဖြစ်တဲ့အတွက် အရင်ကလမ်းပန်းဆက် သွယ်ရေးခက်ခဲပြီး သွားလာရအခက်ခဲဆုံး ဒေသဖြစ်တဲ့ ခေါင်လန်ဖူးဒေသဟာ မကြာမီ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ခေါင်လန်ဖူးနဲ့ လန်ဆယ်ဒေသသို့ ဆက်သွယ် ဖောက်လုပ်ပေးခြင်းနဲ့ လန်ဆယ်-ဖီမော်-ကန့်ဖန်မှတစ်ဆင့် ချီဖွေ၊ ချီဖွေမှတစ်ဆင့် မြစ်ကြီးနားအထိ လမ်းဖောက် လုပ်လိုက်ပါက ပူတာအိုဒေသကို လက်ရှိ ဆွမ်ပရာဘွမ်လမ်းအပြင် တစ်ဖက်က မဟာဗျူဟာ လမ်းအသစ်တစ်ခု ထပ်မံပေါ်ပေါက်လာမှာဖြစ်လို့ အလွန်အရေးပါလှတဲ့ လမ်းတစ်လမ်းဖြစ်ပါတယ်။ အလားတူ ပူတာအိုခရိုင်အတွင်းမှာ ပန်နန်းဒင်ဒဟွမ်ဒမ်းလမ်း ၆၃ မိုင် ဖောက်လုပ်ရေးလုပ်ငန်းကို ဆောင်ရွက်နေပါတယ်။ ဒဟွမ်ဒမ်းဟာ မြန်မာပြည် မြောက်ဖျား ခါကာဘိုရာဇီ တောင်ခြေက ကျေးရွာဖြစ်ပါတယ်။ ခါကာဘိုရာဇီ အမျိုးသားသဘာဝဥယျာဉ်ကို သွားတဲ့လမ်း မရှိသေးတဲ့အတွက် ဒီလမ်းကို နယ်စပ် ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက် နေပါတယ်။ ဒီဒေသဟာ ဧရာဝတီမြစ်ကြီးရဲ့ ရေဝေရေလဲဒေသဖြစ်တဲ့အပြင် ရေခဲတောင်တွေကလည်း တစ်နှစ်ပတ်လုံး ရေခဲတွေ ဖုံးလွှမ်း နေတဲ့အတွက် ထူးခြားတဲ့ဂေဟစနစ်ရှိတာကြောင့် တစ်ချိန်ကျရင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးသာမက မြန်မာ့ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူ ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြောသည်။

“ဒါ့ပြင် ဒီနှစ်ရေရရှိရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးရာမှာ ရေသွယ်စနစ်၊ ရေတင် စနစ်၊ ရေလှောင်စနစ်တွေ သာမက သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်စနစ်ကိုပါ တပ်ဆင်ပေးနိုင်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး ကို အထောက်အကူပြုနိုင်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အား သွယ်တန်းခြင်းက ဒေသခံတွေအတွက် အလွန်ကြီးမားတဲ့ အကျိုးကျေးဇူး ရရှိစေတဲ့အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ရွာသစ်ကျေးရွာမှ ကျောက္ကချားကျေးရွာအထိ လျှပ်စစ်မီးသွယ် တန်း ခြင်းလုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မှ စတင်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၈ ဒသမ၄ မိုင်၊ Transformer ၁၈ လုံး၊ ၁၁ kV ဓာတ်အားလိုင်း ၁၀ ဒသမ ၄ မိုင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မကြာမီ မီးလင်းတော့မှာ ဖြစ်တဲ့အတွက် ကြီးမားတဲ့ အကျိုး ရလဒ်တစ်ခု ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင် မြို့နယ် ပင်လုံမြို့ ပန်းတင်ဗော (ကျူတော) ကိုးနဝင်းစေတီတော်မြတ်ကြီးနဲ့ ပတ်ဝန်းကျင် ခြောက်ရွာ မီးလင်းရေးလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ နှစ်အလိုက် စီမံကိန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အလားတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရှားပြားကျေးရွာနဲ့ ရေပုတ်ကျေးရွာတွင် ဓာတ်အားလိုင်းများသွယ်တန်းခြင်းနဲ့ Transformer များတပ်ဆင်ခြင်းတို့ကို ယခုဘဏ္ဍာ နှစ်ကစလို့ နှစ်အလိုက်စီမံကိန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု ဦးရဲနိုင်က ဆက်လက် ပြောကြားသည်။

ပြည်သူလူထု ပူးပေါင်းပါဝင်

ပြည်သူလူထု၏ပူးပေါင်းပါဝင်လာမှုများသည် ထူးခြားသည့်အချက်တစ်ချက်ဖြစ်သည်။ လက်ရှိတွင် အချို့ဒေသများ၌ ပြည်သူလူထု ပူးပေါင်းပါဝင်မှုကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလျင်မြန်တိုးတက် အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဒေသခံများ၏ စိုက်ထုတ်မှုနှင့် ဝန်ကြီးဌာန၏ ကတ္တရာ ထောက်ပံ့မှုဖြင့် လမ်းမိုင် (၆၁/၀) မိုင်နှင့် အခြားလမ်းငယ်များကို ကတ္တရာလမ်း အဆင့်မြှင့်တင် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဘိန်းအစားထိုး ဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်း

“မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှာရှိတဲ့ အစားထိုး ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပါတယ်။ ပင်လောင်းမြို့နယ် ကျေးရွာအုပ်စု လေးခုနဲ့ ကျေးရွာ ၉၇ ရွာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ သုံးနှစ် ရှေ့ပြေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ဒီရှေ့ပြေးစီမံကိန်းအရ ကျေးရွာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအဖြစ် မြေလမ်း (၄၆/၂) မိုင်၊ ကျောက်လမ်း နှစ်မိုင်၊ ကတ္တရာလမ်း သုံးမိုင်၊ တံတား ခြောက်စင်း၊ Box Culvert ၁၅၄ စင်း၊ ရေသွယ်ယူခြင်း (၃၁/၅) မိုင်၊ ရေလှောင်ကန် ငါးကန်၊ စက်ရေတွင်း သုံးတွင်း၊ မီးသွယ်တန်း ခြင်း ၁၁မိုင်နဲ့ ဆိုလာ ၃၆၇ စုံ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးအဖြစ် ကော်ဖီပျိုးပင် ၂၁ သိန်း ကျော်နဲ့ လက်ဖက်ပျိုးပင် ၅၀၀၀၀ တို့ကို ဖြန့်ဝေစိုက်ပျိုးခဲ့ပါတယ်။ ရှေ့ပြေးစီမံကိန်း ရလဒ်တွေအပေါ် ထိုင်းနိုင်ငံ မူးယစ်/ ဗဟိုအဖွဲ့ အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ မယ့်ဖာလုံ ဖောင်ဒေးရှင်းအဖွဲ့က စိတ်ဝင်စားမှုရှိတဲ့အတွက် အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဲဒီဒေသမှာ ဆက်လက်ဆောင်ရွက်သွား နိုင်ဖို့ ဆက်သွယ်ဆွေးနွေးလာခဲ့တဲ့အတွက် မကြာမီ MoUရေးထိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းတွေ ပြီးဆုံးချိန်မှာ အကျိုးဖြစ်ထွန်းမှုကို သုံးသပ်ပြီး အလားတူ အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြောကြားသည်။

ဦးစားပေးအလိုက်ဆောင်ရွက်
နိုင်ငံတော်၏ ကာလရှည် ရည်မှန်းချက် သည် ငြိမ်းချမ်းပြီး သာယာဝပြောသည့် နိုင်ငံတော်ဖြစ်ရေးမှာ နယ်စပ်ဒေသများ | အပါအဝင်ဒေသအားလုံး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျက်ရှိသည်။ သို့ရာတွင် ဒေသများ၏ လိုအပ်ချက်သည် အလွန်များပြားလှ သည့် အတွက် ဒေသအားလုံး၏ လိုအပ်ချက်ကို ဆောင်ရွက်ပေးနိုင်ရေး နယ်စပ်ဒေသများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာ စေရေး၊ စီမံကိန်းရည်မှန်းချက်များ ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တို့အတွက်အဓိကအနေဖြင့် နိုင်ငံတော်ဘဏ္ဍာ ငွေအရင်းအမြစ် လိုအပ်လျက်ရှိသည်။

နိုင်ငံတော်အနေဖြင့် ရရှိနိုင်သမျှ ဘဏ္ဍာရေး မူဘောင်အတွင်းမှ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေးအလိုက် လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဆောင်ရွက်ပြီးလုပ်ငန်းများ၏ ရေရှည်တည်တံ့ခိုင်မြဲရေးသည် အရေးပါလျက် ရှိသည်။

ဒေသဆိုင်ရာ လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးတွင် ဒေသခံလူထု၏ အသိ တရားရှိစွာ ပူးပေါင်းပါဝင်မှုသည် အဓိက အခန်းကဏ္ဍဖြစ်သည်။ နယ်စပ်ဒေသတွင် ဆောင်ရွက်သည့် ကျေးလက်လမ်းများ၏ စံသတ်မှတ်ချက်အရ တည်ဆောက် ထားသည့် ၁၃တန်မျှသာ ခံနိုင်သော တံတားများပေါ်တွင် တန်ပိုများစွာ တင်ဆောင်ထားသည့် ကုန်တင်ယာဉ်များ ဖြတ်သန်းမှုအပေါ် ဒေသခံလူထု အနေဖြင့် မိမိတို့နှင့် မသက်ဆိုင်သလို ဟန့်တားခြင်းနှင့် တားမြစ်ခြင်း မပြုသဖြင့် တံတားကျိုးခဲ့ပါက နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးသကဲ့သို့ ဒေသဖွံ့ဖြိုးရေးအတွက် များစွာထိခိုက်မှုရှိခြင်းကြောင့် ဝိုင်းဝန်းထိန်းသိမ်းရေး ပူးပေါင်းပါဝင်ကြရန် လိုအပ်လျက်ရှိသည်။

“ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ဆက်စပ်နေပါတယ်။ ငြိမ်းချမ်းမှုမရှိတဲ့ ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးကို မဆောင် ရွက်နိုင် ပါဘူး ဖွံ့ဖြိုးတိုးတက်မှု မရှိရင် ငြိမ်းချမ်းရေးက ရေရှည်တည်တံ့ခိုင်မြဲမှာ မဟုတ်ပါဘူး။ ဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာ နယ်စပ်ဒေသတွေမှာ ဖြစ်ပါတယ်။ နယ်စပ်ဒေသတွေဟာ နယ်မြေ ကျယ်ပြန့်သလောက် လူဦးရေ သိပ်သည်းဆလည်း နည်းပါးပါတယ်။ ပြည်မနဲ့ ကူးလူးဆက်ဆံရန် ခက်ခဲပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေပါတယ်။ ဒီအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဒေသနဲ့ဒေသခံ အားလုံးအပေါ် လွှမ်းခြုံဆောင်ရွက်ပေးနိုင်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တိုးမြှင့် ဆောင်ရွက်နိုင်ဖို့နဲ့ နယ်စပ်ဒေသတွေ တည်ငြိမ်ဖို့ လိုအပ်ပါတယ်။ နယ်စပ်ဒေသတွေ တည်ငြိမ်ရေးအတွက် နိုင်ငံတော် အစိုးရက ဦးဆောင်ပြုလုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အရေးပါပါတယ်။ ဒါကြောင့် နယ်စပ်ဒေသတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက အရေးကြီးတဲ့ကဏ္ဍအဖြစ် ပါဝင်တယ်ဆိုတာကို တင်ပြလိုပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြောသည်။

နှစ်ပေါင်း ၃၀ ကျော်

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ် ဒေသတွင်ရှိသည့် တိုင်းရင်းသား လူငယ်၊ လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် လက်ရှိ တည်ဆောက်နေသည့် ဖွံ့ဖြိုးတိုး တက်သည့် ခေတ်မီနိုင်ငံတော် ဖြစ်ပေါ်လာစေရေးမှာ အဓိက လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ နယ်စပ် ဒေသများအားလုံး ဖွံ့ဖြိုးတိုးတက်မှသာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများရဲ့ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်မှာ ၁၉၈၉ - ၁၉၉၀ ကနေ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၀ ကျော် ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ဒီနှစ် ၃၀ ကျော် ကာလအတွင်း နယ်စပ်ဒေသတွေဟာ သိသိသာသာ ဖွံ့ဖြိုး တိုးတက်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ သို့သော် နယ်စပ်ဒေသတွေရဲ့ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက် ပမာဏကြီးမားတဲ့အတွက် ဆက်လက် ဆောင်ရွက်ပေးဖို့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆက်လက်တာဝန် ယူကြမယ့်၊ နိုင်ငံတော်အစိုးရ အဆက်ဆက်က လည်း နယ်စပ်ဒေသနဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရရဲ့ မဟာဗျူဟာ တွေနဲ့အတူ ဆက်လက်ဆောင်ရွက်နေရဦးမှာ ဖြစ်ပါတယ်။ နယ်စပ်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာရေးစတဲ့ ကိစ္စရပ်တွေ အောင်မြင်ရေးဟာ ပြည်သူတွေ ပူးပေါင်း ဆောင်ရွက်မှုသည် အဓိက ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ဘယ်လို ဦးဆောင်ပါစေ ဒေသခံပြည်သူလူထုရဲ့ ပူးပေါင်းမှုနဲ့ ပါဝင်မှု မရှိရင် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အောင်မြင်မှု မရနိုင်တဲ့အတွက် နိုင်ငံတော်အစိုးရက အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေသလို ဒေသခံ တိုင်းရင်းသားပြည်သူတွေက ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြောသည်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး

နယ်စပ်ဒေသမှ တိုင်းရင်းသား လူငယ်လူရွယ်တွေအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနကို ၁၉၉၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကို ရုံးချုပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေး ကျောင်း(ရန်ကုန်)၊တိုင်းဒေသကြီး နှင့် ပြည်နယ်ရုံး ၉ ရုံး၊ ခရိုင်ရုံး ၉ ရုံး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေးသင်တန်းကျောင်း ၄၅ ကျောင်း၊ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ၉ ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၆ ကျောင်းတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အနေနဲ့ နယ်စပ်ဒေသ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အခြေခံ ပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍနဲ့ သက်မွေးပညာကဏ္ဍဆိုပြီး ကဏ္ဍ(၃)ရပ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါတယ်။ အခြေခံပညာကဏ္ဍမှာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်း ဖွင့်လှစ်ထားပြီး နယ်စပ်ဒေသက ပညာဆက်လက်သင်ကြားဖို့ အခက်အခဲရှိကြတဲ့ မိဘမဲ့၊ မိမဲ့၊ ဖမဲ့ ဆင်းရဲနွမ်းပါးလူငယ်တွေကို (၅)တန်းကနေ (၁၀) တန်းအထိ နေရေး၊ စားရေး၊ ဝတ်ရေးနဲ့ ပညာသင်ကြားရေးစရိတ် အားလုံး နိုင်ငံတော်က ကျခံပေးပြီး အခမဲ့ တက်ရောက် ပညာသင်ကြားစေပါတယ်။ ၁၉၉၉ ခုနှစ်မှ ယနေ့အထိ နယ်စပ်ဒေသက လူငယ်ကျောင်းသား/ကျောင်းသူ ၆၇၀၀၉ ဦး တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ၃၇၃၄ ဦးကို တက္ကသိုလ် အသီးသီးမှာ အဆင့်မြင့်ပညာရပ်တွေ ဆက်လက်သင်ကြားပေးနိုင်ခဲ့ပါတယ်။ ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းမှာ စုစုပေါင်း ၃၆၇ ဦး အောင်မြင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း လူငယ်သင်တန်းကျောင်း ၄၅ ကျောင်းမှာ ကျောင်းသား/ ကျောင်းသူ ၅၇၈၇ ဦး တက်ရောက်ပညာ သင်ကြားလျက်ရှိ ပါတယ်”ဟု ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက ပြောကြားသည်။

ဒုတိယကဏ္ဍဖြစ်သည့် အဆင့်မြင့်ပညာ ကဏ္ဍတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တစ်ခု၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် နှစ်ကျောင်းနှင့် ဗဟိုလေ့ကျင့် ရေးကျောင်း တစ်ကျောင်းတို့ ပါဝင်သည်။

“ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ရခြင်းက နယ်စပ်ဒေသတွေဟာ တောတောင် ထူထပ်ပြီး မြစ်ကူးချောင်းကူး ပေါများတဲ့အတွက်သွားလာဆက်သွယ်ဖို့ ခက်ခဲခြင်း၊ နယ်မြေ ကျယ်ပြန့်သလောက် လူဦးရေသိပ်သည်းဆ နည်းပါးခြင်း၊ ပြောဆိုတဲ့ ဘာသာစကားနဲ့ ဓလေ့ထုံးစံတွေ မတူကွဲပြားခြင်းတို့ကြောင့် အခြေခံ ပညာသင်ကြားရေးမှာ ဆရာ ဆရာမ အင်အားမလုံလောက်တဲ့ စိန်ခေါ်မှုကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီစိန်ခေါ်မှုကို ဖြေရှင်းကျော်လွှား နိုင်ဖို့အတွက် နယ်စပ်ဒေသ တွေမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ နယ်မြေခံ ဘာသာစကားကို ပြောဆိုသင်ကြားနိုင်တဲ့ ဒေသခံလူငယ်လူရွယ်တွေကို B.Ed., ပညာရေး ဘွဲ့ ရရှိတဲ့အထိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှာ နိုင်ငံတော်စရိတ်နဲ့ အခမဲ့ခေါ်ယူ သင်ကြားမွေးထုတ်ပေး လျက်ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ ဆရာဆရာမ ၁၃၇၈၆ ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့် နှစ်အတွင်း ပညာရေးဘွဲ့ ၅ နှစ် သင်တန်း အမှတ်စဉ် (၃) မှ သင်တန်းဆင်း ကျောင်းသား ကျောင်းသူ ၂၆၇ ဦး ရှိကြောင်း သိရသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ဖွံ့ဖြိုးရေးတက္ကသိုလ်၌ ပညာရေးဘွဲ့ ၅ နှစ် သင်တန်း ပထမနှစ်မှ ပဉ္စမနှစ်ထိ ၁၅၄၂ ဦး၊ မဟာပညာရေးဘွဲ့ (၂)နှစ် သင်တန်း ၂၈ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ သင်တန်း ၇၃ ဦး စုစုပေါင်း ၁၆၄၃ ဦး တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။

အလုပ် တစ်ပါတည်းခန့်အပ်

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)ကို နယ်စပ်ဒေသက တိုင်းရင်းသား လူငယ်များ ဘွဲ့ရပညာတတ်များ ဖြစ်လာစေပြီး မိမိဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ် ထားခြင်း ဖြစ်သည်။ ကျောင်းဆင်းကျောင်းသားများကို ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ အေဂျီတီအိုင် ဒီပလိုမာနှင့် အင်ဂျင်နီယာ နည်းပညာဘွဲ့ များ ပေးအပ်ချီးမြှင့်ပြီး အလုပ်တစ်ပါတည်း ခန့်အပ်ပေးခဲ့ရာ ယနေ့အထိ သင်တန်းဆင်း ကျောင်းသားဦးရေ ၄၂၇၁ ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်နှစ်တာ ကာလအတွင်း ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) မှ ကျောင်းဆင်းကျောင်းသား ကျောင်းသူ ၄၀၁ ဦးရှိခဲ့ရာ ကျောင်းဆင်း ကျောင်းသားများထဲမှ အရည်အချင်း ပြည့်မီသူများကို ပါရဂူဘွဲ့နှင့် မဟာဘွဲ့များကို ဆက်လက်တက် ရောက် စေလျက်ရှိသည်။ ယနေ့အထိ ဒီဂရီကောလိပ် ကျောင်းဆင်းကျောင်းသားများအနက် ပါရဂူဘွဲ့ ၃၂ ဦး၊ မဟာသုတေသနဘွဲ့ ၁၀၃ ဦး၊ မဟာသိပ္ပံဘွဲ့ ၂၁၆ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၁၁၁ ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ ၃၄ ဦးနှင့် အင်ဂျင်နီယာဘွဲ့ ၅၆၃ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ လက်ရှိ ဒီဂရီကောလိပ်(ရန်ကုန်နှင့် စစ်ကိုင်း)တို့တွင် ပထမနှစ်မှ စတုတ္ထနှစ်ထိ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၆၀၃ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

“ဝန်ကြီးဌာနက ဝန်ထမ်းတွေ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေဖို့ ဗဟိုလေ့ကျင့်ရေးကျောင်းကို ရန်ကုန်မြို့ မြောက်ဒဂုံမှာ ဖွင့်လှစ် ထားပြီး ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး သင်တန်း၊ စီမံခန့်ခွဲရေးသင်တန်း၊ စာရေး ဝန်ထမ်းသင်တန်း၊ စက်ကြီးပန်းထိုးသင်တန်း၊ အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်းနဲ့ ခေတ်မီမော်တာ အထည်ချုပ် စက်သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ ဝန်ကြီးဌာနရှိ ဝန်ထမ်းတွေအပြင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့တွေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့က ဝန်ထမ်းတွေပါ တက်ရောက်သင်ကြားလျက်ရှိပါတယ်။ ယနေ့အထိ သင်တန်းသား သင်တန်းသူ ၁၅၇၃၄ ဦး လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ် တာကာလအတွင်း သင်တန်းသား သင်တန်းသူ ၉၀၀ ကို သင်ကြားပေးနိုင်ခဲ့ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက ပြောသည်။

သက်မွေးပညာကဏ္ဍ
နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာရပ်များ တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်းဖြင့် ဝင်ငွေတိုးတက်ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် များ စက်မှုလက်မှု သက်မွေးပညာ သင်တန်းကျောင်း ၂ ကျောင်း ဖွင့်လှစ်ထားသည်။ ယင်းသင်တန်းကျောင်းများတွင် လက်ကိုင် ဖုန်း ပြုပြင်သင်တန်း၊ ဆိုင်ကယ်ပြုပြင်သင်တန်း၊ အခြေခံစက်ပြင်သင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေး အခြေခံသင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်း၊ လျှပ်စစ် ဂဟေ၊ စတီးဂဟေနှင့် အလူမီနီယံဂဟေ သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း ၅၃၉၄ ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။ သင်တန်းကာလမှာ တစ်နှစ်ခွဲဖြစ်ပြီး သင်တန်း နှစ်ကြိမ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း သင်တန်းသားပေါင်း ၉၄၈ ဦး သင်တန်း တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။

အလုပ်အကိုင်အခွင့်အလမ်းများ
တိုင်းရင်းသူ အမျိုးသမီးငယ်များကို အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာရပ်များသင်ကြားပေးပြီး အလုပ်အကိုင် အခွင့်အလမ်း များရရှိစေရေး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ၄၆ ကျောင်းကို ဖွင့်လှစ်ပေးလျက်ရှိသည်။ ယင်းသင်တန်းကျောင်းများတွင် အခြေခံ အိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့်စက်ချုပ် သင်တန်း၊ သိုးမွေးစက်ဆွဲသင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်းများနှင့် ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းများ သင်ကြားပေး လျက်ရှိသည်။

ပခုက္ကူနှင့် ပုသိမ်ရှိ အိမ်တွင်းမှုသင်တန်း ကျောင်းတို့တွင် အိမ်တွင်းမှုသင်တန်းများ အပြင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း များဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်သင်တန်း၊ အဖျော်ယမကာနှင့် အစားအစာ ဝန်ဆောင်မှု သင်တန်းကို ဖွင့်လှစ်သင်ကြားပေးပြီး ဟိုတယ်များတွင် ဝန်ထမ်းများအဖြစ် အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်မှ ယနေ့အထိ အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းများမှ သင်တန်းသူ ၉၁၈၀၆ ဦး လေ့ကျင့်သင်ကြားပေးပြီး ဖြစ်သည်။

“ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း သင်တန်းသူ စုစုပေါင်း ၅၈၅၉ ဦးတို့ကို လေ့ကျင့်သင်ကြားပေးပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသားသင်တန်းသူဦးရေ ၃၀၀ တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းကို သင်တန်း ကာလ ၁၈ ပတ်နဲ့ သင်တန်းသူဦးရေ ၁၉၁၀ တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဦးစီးဌာန အနေနဲ့ အခြေခံ၊ အဆင့်မြင့်ပညာရပ်တွေနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေသင်ကြားပေးပြီး အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကိုလည်း တစ်ပါတည်းဆောင်ရွက် ပေးလျက်ရှိပါ တယ်။ ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်း သင်တန်းသား သင်တန်းသူ ၁၃၇၈၆ ဦးကို ပညာရေးဝန်ကြီးဌာနမှာ အထက်တန်းပြ ဆရာ ဆရာမတွေအဖြစ် အလုပ်ခန့်အပ်ပေးခဲ့ပါတယ်။ ဒီဂရီကောလိပ် (ရန်ကုန်နဲ့စစ်ကိုင်း) ကျောင်းဆင်း ကျောင်းသား ၄၂၇၁ ဦးကို ဝန်ကြီးဌာန ၁၄ ခုနဲ့ တိုင်းဒေသကြီး ပြည်နယ် စည်ပင်သာယာ ရေးအဖွဲ့တွေမှာ နိုင်ငံ့ဝန်ထမ်းအဖြစ် အလုပ်ခန့်အပ်ပေးနိုင်ခဲ့ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက ပြောသည်။

စစ်တမ်းကောက်ယူ
စက်မှုလက်မှုပညာ သင်တန်းကျောင်း ၉ ကျောင်းမှ အောင်မြင်ပြီးသူ ၁၂၃၄ ဦး တို့သည် ဆောက်လုပ်ရေးကုမ္ပဏီများ၊ ကား ဆားဗစ်စင်တာများ၊ ဆိုင်ကယ်ပြုပြင်ရေးဆိုင်များ၊ ဂဟေအလုပ်ရုံများနှင့် ပြင်ပလျှပ်စစ်မီး သွယ်တန်းရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။ အိမ်တွင်းမှုသင်တန်းကျောင်း ၄၆ ကျောင်းမှ အောင်မြင်ပြီးသူ ၉၁၈၀၆ ဦးထဲမှ ၄၀၄၉၆ ဦးတို့သည် တတ်မြောက်ထားသည့် အိမ်တွင်းမှုပညာရပ်များနှင့် အသက်မွေးဝမ်းကျောင်းပြုလျက် ရှိကြောင်း စစ်တမ်းကောက်ယူထားသည်။

အိမ်တွင်းမှုသင်တန်းကျောင်း ၄၆ ကျောင်းမှ အခြေခံအိမ်တွင်းမှုနှင့် အဆင့်မြင့်စက်ချုပ် သင်တန်းအောင်မြင်ပြီးသူ များကို ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း တက်ရောက်စေပြီး အောင်မြင်ပြီးသူ ၂၇၄၄ ဦးတို့ကို ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ၂၉ ရုံတို့တွင် ဝန်ထမ်းအဖြစ် အလုပ်ခန့်အပ် ပေးနိုင်ခဲ့သည်။

“ပခုက္ကူနဲ့ ပုသိမ် အိမ်တွင်းမှုသင်တန်းကျောင်းတွေမှာ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းကို ၂၀၁၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်း ၆ဝဝ အနက် ၄၄၄ ဦးတို့ကို ဟိုတယ်ဝန်ထမ်းတွေအဖြစ် အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းကနေ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဆင်း သင်တန်းသူ ၂၅ ဦးကို ရွေးချယ်ပြီး လုပ်ငန်းခွင်သုံး ဂျပန်ဘာသာစကား သင်ကြားပေးလျက် ရှိပါတယ်။ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက မူလရည်ရွယ်ချက် နှစ်ရပ်အတိုင်း နယ်စပ်ဒေသ က တိုင်းရင်းသားလူငယ်များကို လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက ပြောသည်။ ။