နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပခုက္ကူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေး

ပခုက္ကူ သြဂုတ် ၉
     နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဒေါက်တာမြင့်ထွေး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ဒုတိယဝန်ကြီး ဦးမင်းသူ တို့နှင့်အတူ မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျေးလက်ဒေသနေ အလုပ်လက်မဲ့ ဆင်းရဲနွမ်းပါးသူများအား အခြေခံအိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ မော်တာစက်ချုပ်သင်တန်း၊ ဧည့်ကြိုဝန်ဆောင်မှုသင်တန်း၊ အိပ်ခန်းဆောင်ဝန်ဆောင်မှုသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုကို လှည့်လည်ကြည့်ရှုသည်။
    ထိုသို့ ကြည့်ရှုစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သင်တန်းများသို့ တက်ရောက်သင်ကြားနေကြသည့် သင်တန်းသား၊ သင်တန်းသူများကို မိမိတို့ သင်ယူတတ်မြောက်ထားသည့် ပညာရပ်များဖြင့် မိမိဒေသတွင် ပြန်လည်အသုံးချသွားရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိသားစုဝင်ငွေကို တိုးတက်စေမည့်အပြင် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုသင်ကြားနေသည့် ဘာသာရပ်အလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားတတ်မြောက်သွားရန် လိုအပ်ပါကြောင်း၊ မရှင်းလင်းသည့် အချက်များရှိပါကလည်း ဆရာ၊ ဆရာမများထံတွင် မိမိနားလည်သဘောပေါက်သည်အထိ သင်ကြားသင်ယူ သွားရမည်ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။
    အဆိုပါ သင်တန်းကျောင်းကို ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ စက်မှုလက်မှု၊ အိမ်တွင်းမှုကျောင်းဝန်ထမ်း၊ အထည်ချုပ်စက်ရုံဝန်ထမ်း၊ ဟိုတယ်ဝန်ထမ်းအပါအဝင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၂၃ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။