နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၉
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် ယမန်နေ့၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နယ်စပ်ရေးရာ၀န်ကြီးဌာနမှ တာ၀န်ယူဆောင်ရွက်လျက်ရှိသည့်  ၂၀၁၈ ဘဏ္ဍာရေးနှစ်(ဧပြီလမှစက်တင်ဘာလ)အထိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
    ရှေးဦးစွာ ဒုတိယ၀န်ကြီးသည် မိုင်းရယ်မြို့နယ် လွယ်ငင်း-မန်ကျောင်း-ပန်ရှင် (၅)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်ရှိ Box Culvert (၁၀)စင်း တည်ဆောက်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ကုန်းညု-ပါကမ်းလမ်း (၄)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်ရှိ Box Culvert (၆)စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာ၀န်ရှိသူများအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မှီပြီးစီးစေရေးနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
    ဆက်လက်၍ ဒုတိယ၀န်ကြီးသည် လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ၀န်ထမ်းများ၊ ကျောင်းသား/သူများနှင့် သင်တန်းသူများအား တွေ့ဆုံမှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကာကျောင်း၀င်းအတွင်းရှိ ဆောင်ရွက်ဆဲတည်ဆောက်ရေးလုပ်ငန်းများ၊ ကျောင်းသား/သူ အိပ်ဆောင် သင်တန်းသူအိပ်ဆောင်၊ စားရိပ်သာ၊ စားဖိုဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီးလိုအပ်သည်များမှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (လားရှိုး)သို့ရောက်ရှိပြီး ၀န်ထမ်းများအားတွေ့ဆုံမှာကြားကာ ရုံး၀င်းအတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း ဆောက်လုပ်မည့် မြေနေရာအားသွားရောက် ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန်မှာကြားခဲ့သည်။
၄င်းနောက် ဒုတိယ၀န်ကြီးသည် လားရှိုးမြို့ နောင်မွန်းကျေးရွာအုပ်စု၊ စံပြကျေးရွာ (၆)ရွာ အတွက် အစားထိုးဖွံ့ဖြိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း JICA မှ ပူးပေါင်း ဆောင်ရွက်သည့် ရေရရှိရေး၊ တနိုင်တပိုင် အိမ်တွင်းမှုတန်ဖိုးမြှင့် ထုတ်ကုန် သစ်သီးယိုထုတ်လုပ်မှု၊ ကြက်/၀က်မွေးမြူရေး၊ သစ်တောစိုက်ခင်းထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ပြောင်း၊ '၀' ဥ၊ ကော်ဖီ၊ လက်ဖက်၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး စိုက်ပျိုးမှုလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသတင်းရရှိသည်။