နယ်စပ်ရေးရာဝန်ကြီးဌာန၊ အဋ္ဌမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော်၊ သြဂုတ်လ ၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုတို့၏ အဋ္ဌမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ပျဉ်းမနားမြို့ မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပါသည်။
    အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နှင့်ဇနီး ဒေါ်ခိုင်မေကြူ၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့်ဇနီး၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပါသည်။
    ထို့နောက် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ ထံမှ အနုမောဒနာ တရားတော်များနာကြား၍ ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။