နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် မွန်ပြည်နယ်အတွင်းရှိ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၁၃     
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထို၊ ရေး၊ ကျိုက်မရောမြို့နယ်များ၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆောင်ရွက် ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
     ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ကျိုက်ထိုမြို့နယ် အင်္ဂဘို-မိုးဘော (၂/ဝ)မိုင် ကျောက်လမ်း ခင်းခြင်းလုပ်ငန်းအားလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ရေးမြို့နယ် မော့ကနင်-ဘဲလမု- ဘီဆိုင်-ကွမ်းသီး တောလမ်း (၂/ဝ) မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ ကလော့-ချောင်းတောင်လမ်း (၃/ဝ)မိုင် ကတ္တရာ ခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ အဏ္ဏဝါရပ်ကွက် အလက(၁)၌ ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ရေး-ခေါဇာသွားလမ်း (၂/၅)မိုင်မှ ကဗျာဝ ကျေးရွာသို့ ဆက်သွယ်သည့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအားလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
     ထို့နောက် ကျိုက်မရောမြို့နယ်အတွင်းရှိ ဓမ္မဿ အထက(ခွဲ)၊ ဖာသိမ် အထက(ခွဲ)၊ ဝါးပြန် ကုန်း အလက(ခွဲ)နှင့် တံတားဦး (မူလွန်)တို့တွင် တန်ဖိုးနည်းနေအိမ် (၂)လုံးစီ ဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးမှုရှိစေရန် မှာကြားခဲ့သည်။ ၎င်းနောက် ဖားဘောင်ဂူ- ကော့ဝက်လမ်း (၁/ဝ)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ မိခွမ်း -ထိဟူးသံလမ်း (၂/၄)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် အဇင်းဆည်မှ ကင်းချောင်းကျေးရွာသို့ ရေပိုက် သွယ်တန်း ခြင်း (၈/ဝ)မိုင်နှင့် ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန် (၅)လုံး တည်ဆောက်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
     နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတွင်နေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်လမ်း ရရှိစေ ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက် များနှင့်အညီ ပညာရေး၊ ကျန်းမာရေး၊ လမ်း/တံတား၊ စွမ်းအင်၊ အိမ်ရာ အဆောက်အဦ လုပ်ငန်းများအား ဘဏ္ဍာနှစ် အလိုက် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။