နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် ဂျပန်-မြန်မာအသင်းတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

       နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာအသင်း (Japan-Myanmar Association-JMA) တို့အကြား နယ်စပ်ဒေသလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို (၂၂-၁-၂၀၂၁) ရက်နေ့ နံနက် (၁၁:၃၀) နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

           အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က အမှာစကားပြောကြားပြီး ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ Mr. WATANABE Hideo က နားလည်မှုစာချွန်လွှာနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် နယ်စပ်‌ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ Mr. WATANABE Hideo တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန် လဲလှယ်ကြပါသည်။

           နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာအသင်းတို့သည် ၂၀၂၁ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ (၂)နှစ်တာ ကာလအတွင်း စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၀.၉၇ သန်းဖြင့် နယ်စပ်ဒေသ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသမှ တိုင်းရင်းသားများအား သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်းများ ဖွင့်လှစ်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။