နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia Japan(BAJ) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia Japan (BAJ) တို့အကြားချုပ်ဆိုသည့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း လုပ်ငန်းအကောင်အထည်ဖော်မှု စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ Nippon Foundation မှ အမှုဆောင်ဒါရိုက်တာ Mr. Yuji MORI၊ Bridge Asia Japan (BAJ) ဌာ‌နေကိုယ်စားလှယ် Ms. Akiko Mori နှင့် ဧည့်သည်တော်များ၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အမှာစကား ပြောကြားပြီး BAJ မှ ဌာနေကိုယ်စားလှယ် Ms. Akiko Mori မှ နားလည်မှု စာချွန်လွှာနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပညာရေးနှင့်လေ့ကျင့်‌ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး နှင့် BAJ မှ ဌာနေ ကိုယ်စားလှယ် Ms. Akiko Mori တို့မှ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန် လဲလှယ်ကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် BAJ တို့ပူးပေါင်း၍ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလ မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အထိ (၆) နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ (၃.၀၂) သန်း ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်းတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်း သင်တန်းများ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်း ကာလသည် ၂၀၁၉ ခုနှစ်ဒီဇင်ဘာလ (၃၁) ရက်နေ့တွင်  ကုန်ဆုံးမည် ဖြစ်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ (၁) နှစ်တာ ကာလအတွက် အမေရိကန် ဒေါ်လာ (၀.၇၄) သန်းဖြင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍  စီမံကိန်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။