နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် (၃) ထပ် ကျောင်းသူအိပ်ဆောင်၊ (၂) ထပ်စားရိပ်သာနှင့် (၂) ထပ်စာကြည့်တိုက် အဆောက်အဦအသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဇွန်   ၁၀   
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့်တည်ဆောက်ပြီးစီးခဲ့သည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန် (၃) ထပ် ကျောင်းသူအိပ်ဆောင်၊ (၂) ထပ် စားရိပ်သာနှင့် (၂) ထပ် စာကြည့်တိုက် အဆောက်အဦသစ်များ ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၀၉:ဝဝ) နာရီအချိန်တွင် အဆိုပါကျောင်းသူအိပ်ဆောင်သစ်၌ ကျင်းပပြုလုပ် ခဲ့ရာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊ ကျောင်းအုပ်ကြီး၊ ပါမောက္ခဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
    အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒီဂရီကောလိပ် (ရန်ကုန်) မ ှကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာကုမ္ပဏီ တာဝန်ခံတို့မှ (၃) ထပ် ကျောင်းသူအိပ်ဆောင် သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က  ကျောင်းသူအိပ်ဆောင်သစ် ကမ္ဗည်း မော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။ ဒီဂရီကောလိပ် (ရန်ကုန်) ကျောင်းအုပ်ကြီး ဒေါက်တာမင်းသန့်ထံသို့ သက်ဆိုင်ရာ ကုမ္ပဏီ များမှအဆောက်အဦဆိုင်ရာ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃) ထပ် ကျောင်းသူအိပ်ဆောင် ၊ (၂)ထပ် စားရိပ်သာ နှင့် (၂) ထပ်စာကြည့်တိုက်အတွင်းသို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဝန်ထမ်း များနှင့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ဒီဂရီ ကောလိပ်၊ ရန်ကုန်၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် နယ်စပ်ဒေသအသီးသီးမှ တက်ရောက် ပညာသင်ကြားနေသော ဝိဇ္ဇာ၊ သိပ္ပံ၊ အင်ဂျင်နီယာ ကျောင်းသား (၈၅၆) ဦး၊ ကျောင်းသူ (၇၇) ဦးနှင့် မဟာကြိုကျောင်းသား (၁၁၆) ဦး စုစုပေါင်း (၁၀၄၉) ဦး တက်ရောက် သင်ကြားလျက် ရှိပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်း၌ ဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ကြီးနှင့် နည်းပြများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းဝင်းအတွင်း တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့် စက်ယန္တရားများထားရှိသည့် သိုလှောင်ရုံသို့ရောက်ရှိပြီး သိုလှောင်ရုံ အတွင်းရှိ စက်ယန္တရားများနှင့် လုပ်ငန်းခွင် ထုတ်ပေးထားရှိမှုအခြေအနေများ စက်ယန္တရား ထိန်းသိမ်းထားသိုမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။