နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲ‌အောင် ကယားပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်‌ဝေ၊ နယ်မြေခံတပ်မမှူး ဗိုလ်မှူးချုပ် မျိုးသန့်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက်       ဒီဇင်ဘာ  ၁၁  ရက်နေ့တွင် ကယားပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှားတောမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရှားတော - တင်လွယ် -နားအွမ် မြေလမ်း (၁၈/၆)မိုင်ပေါ်တွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျောက်လမ်း (၁/၀)မိုင်နှင့် Polymer Chemroad (၂/၀)မိုင် ဆောင်ရွက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး၊ တာဝန်ခံ အင်ဂျင်နီယာ၏ လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ အသေးစိတ် ရှင်းလင်းတင်ပြမှုအပေါ်  ပြည်ထောင်စုဝန်ကြီးက နည်းပညာအသစ်ဖြင့်စမ်းသပ် ဆောင်ရွက်သည့်လမ်းဖြစ်သည့်အတွက်   ခွင့်ပြုရန်ပုံငွေေအပေါ် အရည်အသွေးပြည့်မီစေရေး၊ ရေရှည် တည်တံ့စေရေးအတွက် စေတနာထား ဆောင်ရွက်ကြရန်၊ တာဝန်ရှိသူများမှလည်း လမ်းခိုင်ခံ့မှုကို စဉ်ဆက်မပြတ် အနီးကပ် ကြပ်မတ်သွားရန်နှင့် ဒေသခံပြည်သူများမှလည်း ဆောင်ရွက်ပြီးစီးခဲ့သော လမ်းအပိုင်းအလိုက် ဝိုင်းဝန်းထိန်းသိမ်း‌ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေ၊ ခံနိုင်ဝန်အားနှင့် အရည်အသွေးပိုင်းများအား အင်ဂျင်နီယာဆိုင်ရာ ခေတ်မှီကိရိယာများဖြင့် စမ်းသပ်တိုင်းတာ၍ ပြီးစီးခဲ့သောလမ်းအပိုင်း (၂/၀)မိုင် ခင်းကျင်းပုံ လုပ်ငန်းအဆင့်ဆင့်အား မီတာ ၁၀၀ ဖြင့် ပြန်လည်သရုပ်ပြ ခင်းကျင်းခြင်းအား  ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယခုဖောက်လုပ်ခဲ့သည့် Polymer Chemroad နည်းပညာသည် မြေအမျိုးအစား အပေါ်မူတည်၍ ပိုလီမာ၊ မြေသားနှင့် ဘိလပ်မြေအချိုးအစား တွက်ချက်ရောစပ်ရပြီး ထု အနေဖြင့် (၁၅)စင်တီမီတာ မှ (၂၀)စင်တီမီတာအထိ ခင်းကျင်းနိုင်သဖြင့် လမ်းခင်းပြီး (၃)နာရီအကြာတွင် (၃)တန်အောက် ဝန်ပေါ့ယာဉ်များ၊  (၇)ရက်အကြာတွင် တန်(၄၀) အထိ ယာဉ်များ သွားလာနိုင်သဖြင့် အချိန်တိုအတွင်း ပြီးစီးခြင်း၊ ယာဉ်/ယန္တရားများနှင့် လမ်းလုပ်သားအသုံးပြုမှု နည်းပါးခြင်း၊ အမာခံကျောက်များ အသုံးပြုရန် မလိုအပ်ခြင်း စသည့် အားသာချက်များ ရရှိမှုနှင့် လမ်းအဆင့်မြှင့်တင်လိုပါကလည်း ကတ္တရာထပ်ပိုးလွှာများ အလွယ်တကူ ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

 

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကယားပြည်နယ်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှ ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အဦ များဖြစ်သော လမ်း/တံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းနှင့် စွမ်းအင်လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၇.၄၀၆) ဘီလီယံ အကုန်ကျခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။