နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စရပ်များကြည့်ရှုစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ‌ရောက်ရှိလျက်ရှိရာ ၁၂-၈-၂၀၂၀ ရက်နေ့နှင့် ၁၃-၈-၂၀၂၀ ရက်နေ့များတွင် ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆက်လက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၁၂-၈-၂၀၂၀ ရက်နေ့တွင် ရွာငံမြို့နယ်၊ ရွာငံ-မျှားကလေး (၁၂/၄) မိုင်အနက် (၉/၀) မိုင် ဖောက်လုပ်ထားရှိပြီး ကျန်ရှိသည့် (၃/၄) မိုင် အပြီးသတ် ကျောက်ခင်းခြင်း၊ ပင်လောင်းမြို့နယ်ရှိ နောင်မူလမ်းခွဲ-ကျောက်ဆင့် (၂/၀) မိုင် ကျောက်ရောမြေ လမ်း ဖောက်လုပ်ခြင်းနှင့် Box Culvert (၆) စင်း ဆောင်ရွက်ပြီးစီးမှု၊ တောင်ခမောက်-စည်ပင်-ပင်ခင် (၄/၀) မိုင် ကျောက်ရော မြေလမ်း ဖောက်လုပ်ခြင်းနှင့် Box Culvert (၁၂) စင်း ဆောင်ရွက်နေမှု တို့အား ကြည့်ရှုစစ်ဆေးပြီး ရွာငံမြို့၊ ဆင်နက်ချောင်းကျေးရွာသို့ ရောက်ရှိစဉ် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာတွင် ဆင်နက်ချောင်းကျေးရွာအနေဖြင့် မူးယစ်ကင်းစင်၊ လောင်းကစားကင်းစင်၊ အမှိုက် ကင်းစင်သည့် စံပြကျေးရွာဟု သိရသည့်အတွက် ဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်း၊ ယခုအခြေအနေ ကို အစဉ်မပြတ် ဆက်လက် ထိန်းသိမ်းသွားရေးနှင့် ဘက်စုံ ပိုမို ဖွံ့ဖြိုးတိုးတက်နေသည့် ကျေးရွာ ဖြစ်စေရေး ယခုလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆက်လက် နေထိုင်သွားကြရန် တိုက်တွန်း အားပေးခဲ့ပြီး ကျေးရွာရေပေးဝေရေး လုပ်ငန်းတွင် လိုအပ်လျက်ရှိသည့် ထရန်စဖော်မာနှင့် မီးကြိုးများ ထောက်ပံ့ပေးနိုင်ရေးအတွက် တပ်ဆင်မည့်နေရာအား ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် ပင်လောင်းမြို့နယ်၊ စည်ပင်ကျေးရွာ (၁/၄) မိုင် ရေသွယ်တန်းခြင်း နှင့် ရေအမြင့်တင်စနစ် ဆောင်ရွက်နေမှု၊ လိန်းညားကျေးရွာအုပ်စု၊ ဝါးလီ-တောင်လေး-ဝါးပြုံး ကျေးရွာချင်းဆက်လမ်း (၇/၀) မိုင်အနက် (၂/၀) မိုင် ကျောက်ခင်းခြင်း လုပ်ငန်းခွင်အား ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါ လုပ်ငန်းခွင်များတွင် ကြည့်ရှုစစ်ဆေးစဉ် သက်ဆိုင်ရာ တာဝန်ခံအင်ဂျင်နီယာ အသီးသီး၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်အချိန်မီ ပြီးစီးစေရေး၊ လူအင်အားသုံး ဆောင်ရွက်ရသည့် လုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း COVID-19 ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အလေးထား လိုက်နာ ဆောင်ရွက်ရေး တို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်လောင်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား
လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ နည်းပြများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ၍ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် ပြန်လည် ပါဝင် ဆောင်ရွက်မည့် ဒေသအကျိုးပြု အနာဂတ် ခေါင်းဆောင်ငယ်များ ပေါ်ထွက်လာစေရေး ရည်မှန်းပြီး မိမိတို့ ဝန်ကြီးဌာနတွင် လူငယ်သင်တန်းကျောင်းများ၊ ဒီဂရီကောလိပ်များနှင့် တက္ကသိုလ် တို့ကို ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိတို့၏ ကိုယ်စီဘဝ မျှော်မှန်းချက် ရည်မှန်းချက် များအတိုင်း ပေါက်မြောက်အောင်မြင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများကို ဆုချီးမြှင့်၍ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်း၊ နည်းပြများကို ထောက်ပံ့ငွေများ ပေးအပ်ပြီးနောက် သင်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းသားအိပ်ဆောင်၊ ကျောင်းသူ အိပ်ဆောင် များနှင့် စားရိပ်သာ တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကြိုတင် ကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်ထားရှိမှုများ အ‌ခြေအနေ များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၃-၈-၂၀၂၀ ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Terra People Association (TPA) တို့ ပူးပေါင်း၍ TPA မှ ထည့်ဝင်ငွေကျပ် (၅၂၀.၆) သန်း၊ ဝန်ကြီးဌာနမှ ထရန်စဖော်မာ (၁) လုံး တန်ဖိုးငွေကျပ် (၄၃၆) သန်းနှင့် အလှူရှင်တစ်ဦးမှ ရေသန့်စက်အတွက် အလှူငွေ အမေရိကန်ဒေါ်လာ (၃၂,၀၀၀) ဖြင့် ၂၀၁၄ ခုနှစ်တွင် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သည့် အင်းလေးဒေသ ရေဗြုန်ရေထွက်မှ ကျေးရွာ (၁၇) ရွာအား ရေပေးဝေရေး လုပ်ငန်းများအား လိုအပ်သည်များ ပြန်လည်မွမ်းမံပြီး ရေလိုအပ်ချက် ရှိနေသော ကျေးရွာများအား ထပ်မံ ပေးဝေနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ပေးခဲ့ပြီး လတ်တလော ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ထောက်ပံ့ငွေကျပ် သိန်း (၄၀) ကို ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေပိုက်သွယ်တန်းထားသည့် အခြေအနေများ၊ လေဖိအားလျော့စနစ်များ၊ အဖွင့်အပိတ်ဘားများအခြေအနေကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး ဆောင်ရွက်ပေးထား သည့် လုပ်ငန်းများ ရေရှည် တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ ဒေသခံ ကျေးရွာ အုပ်ချုပ် ရေးမှူးများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်၊ တင်ပြချက် များအပေါ် ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟဲဟိုးမြို့နယ်ရှိ လေဆိပ်ရှောင်ကွင်းလမ်း ဖောက်လုပ်မည့် ရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသူရဇော်က နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ် ခဲ့သည့် ပွေးလှ-ဝါးတရာ-မြေခြားလမ်းနှင့် လမ်းဦးစီးဌာနက တာဝန်ယူဖောက်လုပ်သည့် ဟဲဟိုး-ဘော်ဆိုင်း-ပင်းတယလမ်းထိစပ်မှုအခြေအနေများ လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်မည့် ဟဲဟိုး-ပင်းတယ လမ်းပိုင်းမှ လေဆိပ်ရှောင်ကွင်းလမ်း ဖောက်လုပ်မည့် လျာထားလမ်းကြောင်း လမ်းမြေရရှိရေး ဥပဒေနှင့်အညီ ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှု၊ အဆင့်လိုက် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်‌ထောင်စုဝန်ကြီးက လိုအပ် သည်များ ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Post Paragraph