နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပူတာအိုခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပူတာအိုခရိုင်အတွင်းရှိ မဂွေဇ - ခေါင်လန်ဖူး လမ်းဖောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့သည်။
 ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမှ မဂွေဇသို့ မော်တော်ယာဉ်များဖြင့် သွားရောက်ခဲ့ပြီး မဂွေဇ-ဆန်းလွှတ်ချက် လမ်းအပိုင်းတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျောက်ခင်းလမ်းအခြေအနေ၊ ဆောင်ရွက်ဆဲ တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ဇီဝဒမ်း လမ်းလုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြရာ ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင်ကို အပိုင်း (၁)အဖြစ် မဂွေဇမှ ငါ့လုံဒမ်းအထိ (၂၅/၄)မိုင်၊ အပိုင်း (၂)အဖြစ် ငါ့လုံဒမ်းမှ လုံးထုံဘိုတဲအထိ (၁၀/၀)မိုင်၊ အပိုင်း (၃)အဖြစ် လုံးထုံဘိုတဲမှ မေခမြစ်အနီး ဆီဆုံအထိ (၁၀/၄) မိုင်၊ အပိုင်း (၄) အဖြစ် ဆီဆုံမှ ခေါင်လန်ဖူးအထိ (၁၉/၄) မိုင် ကို နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်၊ တပ်မတော်၏ အနီးကပ် ကြီးကြပ်ထောက်ပံ့ ပူးပေါင်းဆောင်ရွက်မှု ဒေသခံပြည်သူနှင့် လက်တွဲ၍ နယ်စပ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းအပြီးသတ်ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်က မဂွေဇ-ခေါင်လန်ဖူး လမ်းနှင့် ခါဂါဘိုရာဇီတောင်ခြေ အမျိုးသားသဘာဝဥယျာဉ် လမ်းပိုင်းဖြစ်သော ပန်နန်းဒင်-ကဝိုင်-ဓဟွမ်ဒမ်းလမ်းများ ဖောက်လုပ်နေမှုအခြေအနေ၊ လူအင်အားစုဖွဲ့မှု၊ ယာဉ်/ယန္တရားစုဖွဲ့မှု၊ စက်သုံးဆီ၊ ယမ်းနှင့်ဆက်စပ်ပစ္စည်းများ ပို့ဆောင်ထိန်းသိမ်းထားရှိမှုအခြေအနေများ၊ နှစ်အလိုက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်းကောင်း၊ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းတာဝန်ခံအရာရှိ ဗိုလ်ကြီး ဇင်ဝင်းထိုက် က တပ်မတော် စစ်မြေပြင်အင်ဂျင်နီယာများ အကူအညီဖြင့် တစ်ကြောင်းထိုး မြေလမ်းဖောက်လုပ်ရေးလုပ်ငန်းတွင် ကျောက်တောင်များကို မိုင်းထုပ်ခြင်း၊ မိုင်းဆင်ခြင်း၊ မိုင်းခွဲခြင်း လုပ်ငန်းစဉ်များနှင့် တပ်မတော်ရဟတ်ယာဉ်ဖြင့် ခေါင်လန်ဖူးသို့ ပို့ဆောင်ခဲ့သော စက်ယန္တရား နှစ်စီးဖြင့် အဖွဲ့ခွဲ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဒီပါမောင်က လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် လမ်းအူကြောင်းအတိုင်း တစ်ကြောင်းထိုး ရှေ့ပြေးလမ်းဖောက်လုပ်ရေးအဖွဲ့၏ ဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံရသည့်  အခက်အခဲများကိုလည်းကောင်း၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဇော်လှိုင်ဝင်း က တစ်ကြောင်းထိုး ဆောင်ရွက်ပြီး အမာခံ မြေသားလမ်းအပေါ်တွင် ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ တိုင်းမှူးဗိုလ်ချုပ် တေဇကျော် တို့က လုပ်ငန်းများ အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး လမ်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် ဒေသခံဌာနေ လုပ်သားများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆန်းလွှတ်ချက်တောင်ထိပ်အထိ သွားရောက် ခဲ့ပြီး ဆန်းလွှတ်ချက်မှ ရီဒမ်း ကြိုးတံတားသို့ ဆက်လက်ဖောက်လုပ်ပြီးစီးမှုအခြေအနေများကို တောင်ထိပ်မှ ကြည့်ရှုခဲ့ပြီး ဆန်းလွှတ်ချက်တောင်ထိပ်တွင် ညအိပ်ရပ်နားခဲ့သည်။
ဇန်နဝါရီလ (၂၁) ရက်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဂွေဇ-ခေါင်လန်ဖူးလမ်း (၄၂/၂)မိုင်နေရာသို့ ရောက်ရှိခဲ့ပြီး ရဟတ်ယာဉ်ကွင်း ဖောက်လုပ်ထားမှု အခြေအနေ၊ ကျောက်တောင်များ မိုင်းခွဲရန် ပြင်ဆင်နေမှုအခြေအနေ၊ ယန္တရားများဖြင့် လမ်းဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းလုပ်ငန်းဆောင်ရွက်နေကြသည့် ဝန်ကြီးဌာန ဝန်ထမ်းများ၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ စစ်သည်များနှင့် ဒေသခံဌာနေလုပ်သားများအား လမ်းဖောက်လုပ်ခြင်း လုပ်ငန်း နှင့်စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးရေးအတွက် တာဝန်ကျေပွန်ရုံသာမက မွန်မြတ်သောလုပ်ငန်းဖြစ်သဖြင့် စေတနာရော ဝီရိယပါ စိုက်ထုတ် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ယခုလိုကြမ်းတမ်းသည့် ရာသီဥတုခက်ခဲသည့် မြေပြင်အနေအထား တွင် လုပ်ငန်းဆောင်ရွက်နေကြသူများကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ကျန်းမာရေး ဂရုစိုက်ကြရန် အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လက်ရှိရောက်ရှိနေသည့် နေရာမှ မေခမြစ်ကူး ရီဒမ်းကြိုးတံတားအထိ မြေပြင်အခြေအနေအရ ခြေလျင်ခရီးဖြင့် သွားရောက်ပြီး ဆက်လက် ဖေါက်လုပ်မည့် လမ်းအူကြောင်း အခြေအနေနှင့် မေခမြစ်အား ယန္တရားကြီးများ ဖြတ်ကူးနိုင်မည့်နေရာ၊ ဖောင်ကူးဆိပ် ဆောင်ရွက်မည့်နေရာများကို ရီဒမ်းကြိုးတံတားပေါ်မှ ကြည့်ရှုပြီး အတည်ပြုရွေးချယ် ဆုံးဖြတ်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မိုင်တိုင် ၄၂ မှ မဂွေဇသို့ ပြန်လည်ထွက်ခွာခဲ့ပြီး မဂွေဇလမ်းစခန်းတွင် ဆောင်ရွက်ထားရှိပြီးဖြစ်သော မေခမြစ် ဖြတ်ကူးရန် အသုံးပြုမည့် ကူးတို့ဖောင် ဆောင်ရွက်ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး တပ်မတော် ရဟတ်ယာဉ်ဖြင့် ပူတာအိုသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကြိုးပမ်းမှုဖြင့် မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်ရာတွင် ပထမရည်မှန်းချက်ဖြစ်သော မဂွေဇ-မေခမြစ်အပိုင်းတွင် အခက်ခဲဆုံးဖြစ်သော ပေ (၇၇၀၀) ဆန်းလွှတ်ချက်တောင်အား ခက်ခဲစွာ ကြိုးပမ်းဖြတ်ကျော်နိုင်ခဲ့ပြီး တောင်ဆင်းကားလမ်း (၄၂/၂) မိုင် အထိ ဖောက်လုပ်နိုင်ခဲ့ပြီးဖြစ်သဖြင့် ယခင်က မဂွေဇမှ ခေါင်လန်ဖူးသို့ ဒေသခံပြည်သူများ ခက်ခဲ ပင်ပန်းအချိန်ကြာမြင့်စွာ ကူးလူးသွားလာခဲ့ရမှုအခြေအနေမှ မကြာမီ ကားလမ်းပေါက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်သဖြင့် ခေါင်လန်ဖူး ဒေသ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာနိုင် တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။