နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ နဝမအကြိမ် မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ နဝမအကြိမ် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၉:၃၀)နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် ဩဝါဒစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကဝိသာရ ဈေးကုန်းဆရာတော်မထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် သံဃာတော် အရှင်သူတော်မြတ်တို့က ချီးမြှင့်သော ပရိတ်တရားတော်တို့ကို နာကြားကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီး၏ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဝန်ထမ်းမိသားစုများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်၊ သံဃာတော်တို့ထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ယင်းနောက် နိုင်ငံတော် ဩဝါဒစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကဝိသာရ ဈေးကုန်း ဆရာတော်မထေရ်မြတ် ချီးမြှင့်သော ကထိန်အနုမောဒနာတရားတော်ကိုနာကြား၍ ရေစက်သွန်းချ အမျှပေး ဝေကြပြီး ဆရာတော်သံဃာတော်များနှင့် ပရိသတ် အားလုံးမှ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

          ထို့နောက် သံဃာတော်အရှင်သူမြတ်(၁၈)ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။