နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈) ကျင်းပ

နေပြည်တော် မေ ၃
          နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈) ကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်နယ်/ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
    ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ ၂၀၁၈ ခုနှစ်  ဧပြီလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သော နိုင်ငံတော်အခြေပြ မိန့်ခွန်းပါ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်း များကို စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ယုံကြည် ချက် ခံယူချက်မြင့်မြင့်မားမား ထားရှိ၍ အတွေးအခေါ် အယူအဆ ကောင်းကောင်းဖြင့် မိမိတို့ လုပ်ငန်းများအား စိတ်ဝင်တစားအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပြီးခဲ့သည့်ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများအပေါ် မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်ပြီး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် လျာထားဆောင်ရွက်ပေးနေသော နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ဒေသနှင့်ပြည်သူ လူထုအပေါ် ရေရှည်စဉ်ဆက် အမှန်တကယ်အကျိုးပြုမည့် လုပ်ငန်းများဖြစ်စေရေး၊ ခွင့်ပြုပေး ထားသော နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေများကိုလည်း ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လိုက်နာသုံးစွဲဆောင်ရွက်ကြရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဒေသဖွံ့ဖြိုး မှုကြီးကြပ်ရေး ရုံးများအလိုက် တာဝန်ပေးအပ်ထားသော အင်ဂျင်နီယာအဖွဲ့များအနေဖြင့်လည်း စဉ်ဆက်မပြတ် ကွင်းဆင်း ကြီးကြပ်၍ လုပ်ငန်းများ အရည်အသွေးမြင့်အောင် ဆောင်ရွက်ကြရေး မှာကြားသည်။
    ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများက မိမိတို့ ဒေသအတွင်းအကောင်အထည်ဖော် ဆောင်ရွက်နေသော ပထမ (၆) လ နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဒုတိယ (၁၂) လ၌ ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
    ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။