နယ်စပ်ရေးရာဝန်ကြီးဌာနက မဂွေဇ-ခေါင်လန်ဖူးလမ်း ၆၅/၄ မိုင် အမြန်ပြီးစီးရေး ဆောင်ရွက်လျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက် အထိ တာဝန်ရှိသူများလိုက်ပါလျက် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူးလမ်း ၆၅/၄ မိုင် ဖောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး လုပ်ငန်းအဖွဲ့နှစ်ဖွဲ့ခွဲလျက်အပြီးသတ်ဆောင်ရွက်လျက်ရှိသော မြေလမ်း၅၂/၀ မိုင်အနက်မှ ကျောက်လမ်း ၃၄/၀ မိုင်၊ တံတား ၁၉ စင်းနှင့် ရေပြွန်/ရေမြောင်းအခြေအနေကို အသေးစိတ်လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။

          ထို့နောက် လမ်းဖောက်လုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ရာ ဒုတိယဝန်ကြီးက မိမိတို့ကြိုးပမ်းမှုကြောင့် မဂွေဇ ၀/၀ မိုင်မှ ခေါင်လန်ဖူးမြို့နယ် ဆန်းလွတ်ချက်တောင်ထိပ်ထိ ဖောက်လုပ်ခဲ့ရာတွင် ကျောက်တောင်များ ထူထပ်သောနေရာများ၌ စစ်အင်ဂျင်နီယာတပ်ဖွဲ့အကူအညီဖြင့် ခက်ခက်ခဲခဲ မိုင်းခွဲဖောက်လုပ်ခဲ့ရကြောင်း၊ ဆန်းလွှတ်ချက်တောင်ထိပ်မှ အခက်ခဲဆုံးအပိုင်းဖြစ်သော တောင်ဆင်းကားလမ်း ၄၀/၀ မိုင်အထိ ဖောက်လုပ်နိုင်ခဲ့ပြီးဖြစ်ရာ ခေါင်လန်ဖူးမြို့ ၆၅/၄ မိုင်သို့ မကြာမီ ကားလမ်းပေါက်အောင် ဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောလျင်စွာ ပြီးစီးရေးကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး မိုးရာသီကာလအတွင်း သဘာဝဘေးဒဏ် ရေတိုက်စားမှုများကြောင့် ပြန်လည် ပြင်ဆင်ရန် လိုအပ်သော လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားရန်သွားမည့် အစီအမံတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးကာ လမ်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိဝန်ထမ်းများနှင့် ဒေသခံများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မဂွေဇမှ ၄၀/၀ မိုင် အပြီးသတ်ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လမ်းအူကြောင်းအခြေအနေ၊ တံတား/ရေပြွန် နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

          မဂွေဇ-ခေါင်လန်ဖူး ၆၅/၄ မိုင်အား ဆောလျင်စွာပြီးစီးရေးအတွက် မဂွေဇမှရီဒမ်းအထိလည်းကောင်း၊ ခေါင်လန်ဖူးမှ ရီဒမ်းအထိလည်းကောင်းအဖွဲ့နှစ်ဖွဲ့ခွဲ၍ တစ်ပြိုင်တည်း ဖောက်လုပ်ဆောင်ရွက်လျက် ရှိပြီးတပ်မတော်ရဟတ်ယာဉ်ဖြင့် ခေါင်လန်ဖူးသို့ ပို့ဆောင်ခဲ့သော စက်ယန္တရားနှစ်စီးဖြင့် ခေါင်လန်ဖူးမြို့မှ ယခုအခါ တစ်ကြောင်းထိုးမြေလမ်း ၁၂/၀ မိုင် ဖောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။