နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ သန့်ရှင်းသောသောက်သုံးရေ လှူဒါန်း

နေပြည်တော် ဧပြီ ၃၀

     နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ ယခုလို ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလ၌ ရင်ဆိုင်ကြုံတွေ့ ရသည့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ မဖြစ်ပေါ် စေရန်နှင့် သန့်ရှင်းသော သောက်သုံးရေဖူလုံစေရေးအတွက် နှစ်စဉ်နှစ်တိုင်း ရေလှူဒါန်းမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။ (ယာပုံ)

     ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၉ ရက်တွင် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တာဝန်ရှိ သူများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ ပျဉ်းမနားမြို့နယ်အတွင်းရှိ စက်ကုန်းကျေးရွာ သို့ ရေဂါလန် ၄၀၀၀၊ ဖက်ကုန်းကျေးရွာသို့ ရေဂါလန် ၂၀၀၀ စုစုပေါင်း ရေဂါလန် ၆၀၀၀ ကို အိမ်ထောင်စုများအလိုက် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်ဖြင့် သယ်ဆောင်၍ စနစ်တကျ ခွဲဝေလှူဒါန်း ပေးခဲ့သည်။

     ထို့အပြင် ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ရေရှားပါးသည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ မိုးမကျမီ ကာလအထိ သန့်ရှင်းသော သောက်သုံးရေများ အလှည့်ကျ ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဧပြီ ၂ ရက်မှ ၂၉ ရက်ထိ ရေဂါလန် စုစုပေါင်း ၁၀၈၀၀၀ လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်