နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရက် ၁၀၀ လှုပ်ရှားမှု ၉ ရပ်

အစိုးရသစ်၏ ရက် ၁၀၀ လှုပ်ရှားမှုအစီအစဉ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၏  အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံချက်လုပ်ငန်း များသည်လည် း တစ်ခန်းတစ်ကဏ္ဍအဖြစ် ပါဝင်လျက်ရှိသည်။ ထို့ကြောင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သိရှိနိုင်ရန်ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား တွေ့ဆုံမေးမြန်းထားသည်။

မေး။  ပြည်သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ကို သိလိုပါတယ်။

ဖြေ။     ဝန်ကြီးဌာနအနေနဲ့ ရက် ၁၀၀ အတွင်းမှာ ပြည်သူ့လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ အတွက် လုပ်ငန်းစဉ် (၉) ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

လုပ်ငန်းစဉ် (၁) အနေနဲ့ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတု အခြေအနေကြောင့် နယ်စပ်ဒေသတွေမှာ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ရှားပါးတဲ့အတွက် ကျေးရွာ အချို့မှာ မိုးရာသီအတွင်း ရေစုဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ရေအတွင်း၊ ရေကန်တွေ ပြန်လည်ပြုပြင်ခြင်း၊ အသစ်တူးဖော်ခြင်း လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

လုပ်ငန်းစဉ် (၂) ကတော့ ဝန်ကြီးဌာနရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့တဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကို သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ အညီ အရည်အသွေးပြည့်မီမှု ရှိ၊ မရှိနဲ့ အားနည်းချက်၊ အားသာချက်တွေကို ဒေသအလိုက် လုပ်ငန်းစစ်ဆေးရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ကွင်းဆင်း စစ်ဆေးဆောင်ရွက် သွားမှာဖြစ်ပါတယ်။

လုပ်ငန်းစဉ် (၃) အဖြစ် ၂၀၁၆ ခုနှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ ဌာနပိုင်လမ်း၊ တံတားနဲ့ အဆောက်အအုံတွေ ပြန်လည်ပြုပြင်ရေး လုပ်ငန်းတွေ ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ် (၄) အနေနဲ့ ရခိုင်ပြည်နယ်အပါအဝင် အခြားဒေသတွေမှာရှိတဲ့ ရွှေ့ပြောင်းဒုက္ခသည် IDP တွေကို ပြန်လည်နေရာ ချထားရေးနှင့် စပ်လျဉ်းပြီး ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက စီမံတင်ပြတောင်းခံလာရင် နိုင်ငံတော်အစိုးရရဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ အခြားသော ဝန်ကြီးဌာနတွေ၊ နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး တန်ဖိုးနည်းနေအိမ်တွေ၊ လမ်း/တံတား၊ ရေရရှိရေးတွေ ပါဝင်တဲ့ တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ စားနပ်ရိက္ခာ ဖူလုံရေးကိုပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လုပ်ငန်းစဉ် (၅) ကတော့ ဝန်ကြီးဌာနမှာရှိတဲ့ အရာထမ်း၊ အမှုထမ်းတွေနဲ့ ဆရာ၊ ဆရာမတွေကို လုပ်ငန်းစွမ်း ဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းတွေ ဖွင့်လှစ်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ် (၆) အဖြစ် နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသား၊ တိုင်းရင်းသူတွေကို ပြည်ထောင်စု စိတ်ဓာတ်ရင့်သန်ခိုင်မာရေး၊ တိုင်းရင်းသား ယဉ်ကျေးမှုဖလှယ်ရေး၊ ချစ်ခင်စည်းလုံး ညီညွတ်ရေးနဲ့ ဒေသန္တရဗဟုသုတ ရရှိရေးတို့အတွက် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို လေ့လာရေး ခရီးစဉ်တွေ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ် (၇) အနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ဖို့ ခွင့်ပြုထားပြီးဖြစ်တဲ့ တည်ဆောက်ရေး လုပ်ငန်းတွေထဲက ဝန်ကြီးဌာန အစီအစဉ်နဲ့ ဆောင်ရွက်နိုင်မယ့် တည်ဆောက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပြီး မဆောင်ရွက်နိုင်သေးတဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ်ငန်းအပ်နှံ ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်။

လုပ်ငန်းစဉ် (၈) အဖြစ် အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူ ပပျောက်စေရေးအတွက် အရာထမ်း၊ အမှုထမ်းတွေကို အသိပညာပေးခြင်း၊ အဂတိလိုက်စားမှုကို ဖြစ်ပေါ်စေနိုင်တဲ့ ကိစ္စရပ်တွေ ကြိုတင်ကာကွယ်နိုင်ဖို့ အတွက် ရုံးလုံခြုံရေးစနစ်ကို အဆင့်မြှင့်တင်ခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။

လုပ်ငန်းစဉ် (၉) ကတော့ ဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွေက တိုင်းရင်းသူလေးတွေကို ရန်ကုန်မြို့ ဗဟိုလေ့ကျင့်ရေးကျောင်းမှာ အဆင့်မြင့် မော်တာစက်ချုပ် သင်တန်းကို ၂၀၁၆ ခုနှစ် ဇွန်လမှာ ၁၀၀၊ ဇူလိုင်လမှာ ၁၀၀ သင်ကြားပို့ချပေးပြီး အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးမယ်။ ဆက်လက်ပြီး အဲဒီသင်တန်းဆင်းတွေကို ပုဂ္ဂလိက အထည်ချုပ်လုပ်ငန်းတွေမှာ ကျွမ်းကျင်ဝန်ထမ်းတွေအဖြစ် ခန့်အပ်ပေးနိုင်ရေး သက်ဆိုင်ရာ ဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

          ထို့အတူ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်မှာရှိတဲ့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွေမှာ ရိုးရာဂျပ်ခုတ်၊ ရက်ကန်း သင်တန်းတွေကို ငွေအရင်းအနှီးနဲ့ နည်းပညာတွေ ပံ့ပိုးကူညီပေးပြီး ရိုးရာအဝတ်အထည်များကို ဈေးကွက်ရရှိရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။ ဝန်ကြီးအနေနဲ့ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောပြပေးပါဦး။

ဖြေ။ ဝန်ကြီးဌာနရဲ့ မဟာဗျူဟာကတော့ နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ““နိုင်ငံတော်မှချမှတ်ထားသော ပြည်သူဗဟိုပြုဖွံ့ဖြိုးရေးမူဝါဒ (People Centered Development Policy) ပေါ်မှာအခြေခံပြီး နယ်စပ်ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို ပြည်သူ့စွမ်းအားဖြင့် အကောင်အထည်ဖော် ဆောင် ရွက်ရန်”” ဖြစ်ပါတယ်။ အဲဒီ မဟာဗျူဟာနဲ့အညီ တိုင်းရင်းသားလူမျိုးတွေရဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါတယ်။