ပင်လောင်းမြို့နယ်၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ပင်လောင်း အောက်တိုဘာ ၄

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၂၃၄၉ ဒသမ ၆၄၆ ဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများမှာ ကတ္တရာခင်းခြင်းလုပ်ငန်း(၄/၅)မိုင်၊ ကျောက်ချောလမ်း ခြောက်မိုင်၊ ကျောက်ရောမြေလမ်း ၁၀ မိုင်၊ မြေသားလမ်း(၄/၅)မိုင်၊ Box Culvert ၆၉ စင်း၊ ရေပြွန် ခုနစ်စင်း၊ စိမ့်စမ်း ရေသွယ်ယူခြင်းလုပ်ငန်း (၆/၄) မိုင်၊ ရေလှောင်ကန်တည်ဆောက်ခြင်း ခုနစ်ခု၊ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း တစ်ခု၊ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း တစ်မိုင်၊ ဆိုလာမီးတပ်ဆင်ခြင်းလုပ်ငန်း ၁၇၉ စုံတို့ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ပင်လောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဘုန်းထက်မြင့်နိုင် နှင့် ဟိုပုံးမြို့နယ် ဖွံ့ဖြိုးရေးကြီးကြပ်မှု ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်တို့က မြေပြင် ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ငွေကြယ်