ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၄
    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု စစ်ဆေးရန်ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးသန်းထွန်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ(၁၂) ရက်နေ့တွင်  အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ကသာ) သို့ ရောက်ရှိခဲ့ပြီး သင်တန်းသူများ အနေဖြင့် သင်တန်းကျောင်းမှ ရရှိသည့် ပညာနှင့်အခွင့်အရေးများကို တန်ဖိုးရှိရှိအသုံးချပြီး မိမိတို့ဘဝ တိုးတက်ရေးအတွက် ကြိုးစားသွားကြရန်၊ သင်တန်းတက်ရောက်ခြင်းဖြင့် အစုအဖွဲ့ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်သည့် အဖွဲ့အစည်းစိတ်ဓါတ်၊ စနစ်တကျ စည်းကမ်းများကို လိုက်နာပြုမူတတ် သည့် အလေ့အကျင့်အချိန်ကို စနစ်တကျခွဲဝေ အသုံးချတတ်သည့် အလေ့အထများ၊ တိုးတက်ဖြစ်ထွန်း လာစေရေး ဆရာ/ဆရာမများ၏ သင်ကြားပြောဆိုမှုများကို အလေးထား လိုက်နာသင်ယူသွားကြရန်၊ ဆရာ/ဆရာမများမှလည်း ဆရာကျင့်ဝတ်နှင့်အညီ စဉ်ဆက်မပြတ် ကြပ်မတ်ပို့ချပေးရန်နှင့် သင်တန်း ကျောင်း၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး သင်ကြားလေ့ကျင့်နေမှု များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက် နေသော ကသာ-သိမ်အင်းလမ်း (၂/၄)မိုင် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူ များမှ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ် ကာလအတွင်း ပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်း ကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများနှင့် လမ်းပုခုံး များ စနစ်တကျဆောင်ရွက်စေရေး၊ ဒေသခံပြည်သူများမှလည်း လမ်းရေရှည် တည်တံ့ခိုင်မြဲရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းပေးရေးတို့ကို မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကသာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသော ပေါမ-နန့်လှိုင်-မံစီကျေးရွာချင်းဆက် မြေသားလမ်း (၅)မိုင် ဖောက်လုပ်လျက်ရှိသည့် လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှု တင်ပြချက်အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇွန်လ(၁၃)ရက်နေ့တွင် ဗန်းမောက်မြို့နယ်၊ ညောင်ခြေ ထောက်-ဥမှင်-ပန်းတော-ပါသတ်-ဘူးတောင်း (၁၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးက ဌာနမှ သတ်မှတ်ထားသော အရည် အသွေး စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး စနစ်တကျနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာစစ်ဆေးရေး အဖွဲ့အစည်းများ၏ စစ်ဆေးလမ်းညွှန်ချက်များကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားကြရန်၊ ဒေသခံပြည်သူ လူထုမှလည်း ဝိုင်းဝန်းထိန်းသိမ်းပေးရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဗန်းမောက်) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော်မှ ပေးအပ် ထားသော ရန်ပုံငွေရရှိမှုနှင့်အညီ သတ်မှတ်ပုံစံအတိုင်း တည်ဆောက်ရေး၊ ကျောင်းဝန်းအတွင်း အတက် အဆင်းလမ်းများအား စနစ်တကျဖောက်လုပ်ရေး၊ အဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သော ကျောက်စီမြေထိန်းနံရံများ ထည့်သွင်းဆောင်ရွက်ရေး၊ မြေယာရှုခင်းများအတွက် သက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးရေးနှင့် တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗန်းမောက်မြို့နယ်မှ ကဒူး၊ ကနန်းဒေသသို့ ဆက်သွယ်သည့် ကနန်း-မူးသား-လယ်ပဒုံးလမ်းပေါ် နားပင်-ပါပျဉ်ခမ်းရွာကြား ခတောင်ချောင်း (၁၀၀) ပေ သံကူကွန်ကရစ် တံတား တည်ဆောက်မှုလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုနှင့် ဒေသခံ ကဒူး၊ကနန်းလူမျိုးများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ပြီး တံတားတည်ဆောက်ထားမှုအား ကြည့်ရှုစစ်ဆေး ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗန်းမောက်-ပင်လည်ဘူးလမ်းပေါ်ရှိ သံကူ ကွန်ကရစ်တံတား (၅) စင်း တည်ဆောက်ခြင်းလုပ်ငန်းအပါအဝင် ၂၀၁၅-၂၀၁၆ မှ စတင်ဆောင်ရွက် ခဲ့သော ကျောက်လမ်းခင်းခြင်း၊ ကွန်ကရစ်တံတားများ တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပင်လည်ဘူး) သို့ ရောက်ရှိရာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အောင်ချက်ရာခိုင်နှုန်း ၈၅% ဖြင့် အောင်မြင်ခဲ့သည့်အတွက် ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံ၍ ဆုချီးမြှင့်ခြင်း၊ ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး ယခုကဲ့သို့ အောင်မြင်မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူ ချီးကျူးမှတ်တမ်း တင်ကြောင်း၊ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းသွားကြရန် ကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများကို မှာကြားခဲ့ပြီး ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ သင်တန်းတွင်း အိပ်ဆောင်များ၊ စားရိပ် သာများ၊ စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့သည်။

 

Post Paragraph