ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကယားပြည်နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင်လ ၁၈ ရက်
     ကယားပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု စစ်ဆေးရန် ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ လျက်  ဇူလိုင်လ ၁၇ ရက်နေ့ တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဖားဆောင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး မြို့နယ်ရုံး တည်ဆောက် ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ ဖားဆောင်းမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ ရှင်းလင်းတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ပါသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဖားဆောင်းမြို့နယ်၊ ခဲမဖြူ ဘော်ဒါဆောင်သို့ ရောက်ရှိခဲ့ပြီး ဘော်ဒါဆောင်နေ နယ်စပ်ဒေသမှ ကျောင်းသားကျောင်းသူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ နှစ်စဉ် ထောက်ပံ့ပေးလျက်ရှိသည့် ဆန်နှင့် ရိက္ခာဖိုးထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံများ နှင့်ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ယခုကဲ့သို့ ပညာသင်ကြားနိုင်ရန် ရရှိသည့် အခွင့်အရေးကို မိမိတို့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ကြရန်နှင့် ကျောင်းအုပ်ချုပ်သူ ဆရာဆရာမများ အနေဖြင့် စည်းစနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်သွားရန် အားပေးစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါရှိသည့် ဖားဆောင်းမြို့နယ်၊ ယူဟဲဒေါမိုရွာအတွက် ဆိုလာမီးများကို ထောက်ပံ့ ပေးအပ်ခဲ့ ပါသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မယ်စဲ့မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး မြို့နယ်ရုံး တည်ဆောက်ပြီးစီးမှုအခြေအနေများ ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိ သူများ၏ မယ်စဲ့မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ပါသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မယ်စဲ့မြို့နယ်၊ ဟိုစဲ့မြို့သစ် ကျေးရွာအုပ်စုတွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသည့် တန်ဖိုးနည်းအိမ်ရာ (၂၀)လုံး ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အိမ်ရာများတွင် နေထိုင်ကြမည့်သူများအနေဖြင့် အိမ်ရာများတည်ဆောက် ပြီးစီးချိန်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အိမ်ရာဝန်းကျင် စိမ်းလန်းစိုပြည်စေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာ မူလတန်းလွန် ကျောင်းတွင် ဟိုဂျစ်ကျေးရွာ၊ ဟိုဖကျေးရွာနှင့် လယ်တော ကျေးရွာမှ မူလတန်းကျောင်းများ အတွက် ကျောင်းဝတ်စုံများနှင့် ကျောင်းသုံး ဗလာစာအုပ်များကို ကျေးရွာအလိုက်မှ ကျောင်းသားကျောင်းသူများကို ပေးအပ်ထောက်ပံ့ခဲ့သည်။
     ထို့နောက် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်-ဟိုဖ-လယ်တော (၅/၀)မိုင် မြေလမ်းဖောက်လုပ်ခြင်းနှင့် ယင်းလမ်းပေါ်ရှိ ပေ(၄၀)တံတား (၁)စင်း၊ ပေ(၃၀) တံတား (၃)စင်း၊ ပေ(၂၀)တံတား(၂)စင်းနှင့် Box Culvert များ တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့လည်းကောင်း၊ ဟိုဂျစ်-တောင်လှ မြေလမ်း (၅/၀) မိုင် မြေလမ်းဖောက်လုပ်ခြင်းနှင့် ယင်းလမ်းပေါ်ရှိ (၃၀)ပေတံတား (၂) စင်းနှင့် Box Culvert (၉) စင်း တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့လည်းကောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် လွိုင်ကော်မြို့နယ် ဆူးဖဲလောရွာ အဝင်လမ်း ကျောက်ခင်းခြင်း လုပ်ငန်းခွင်သို့လည်းကောင်း အသီးသီးရောက်ရှိခဲ့ပြီး ကုမ္ပဏီတာဝန်ခံ အင်ဂျင်နီယာများ၏ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ အရည်အသွေး စံချိန်စံညွှန်း ကောင်းမွန်စေရေး နှင့် စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လမ်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား မော်တော်ယာဉ်ဖြင့်  လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လွိုင်ကော်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် လူငယ်သင်တန်းကျောင်းနှင့်  အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း တို့မှ ကျောင်းအုပ်များ၊ နည်းပြများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ သင်တန်းသူများ နှင့် တွေ့ဆုံပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ရာ    ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး မှ ကယားပြည်နယ်အတွင်း  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များတင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးက ဆင့်ကဲ တာဝန်ယူ တာဝန်ခံမှုဖြင့် ကြပ်မတ်ဆောင်ရွက်ရေး၊ ဝန်ထမ်းများ၏ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးကိစ္စရပ်များကို အလေးထား ဖြည့်ဆည်း ဆောင်ရွက်ပေးရန် တို့ကို မှာကြားခဲ့ပါသည်။  
     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပင်လောင်း)သို့ ရောက်ရှိပြီး ကျောင်းအုပ်၊ နည်းပြများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံကာ ကျောင်းစာများကို ကြိုးစားသင်ယူကြရမည့်အပြင် အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်တတ်စေရေး၊ စည်းကမ်းတကျ နေထိုင်တတ်စေရေး၊ အချိန်ကို စနစ်တကျ စီမံခန့်ခွဲ တတ်စေရေး၊ ကျန်းမာသန်စွမ်း ဖျတ်လတ်သူများဖြစ်အောင် ပြုမူနေထိုင်လေ့ကျင့် ဆောင်ရွက်ရေး၊ ကျောင်းစာအပြင် ပြင်ပစာပေ အမျိုးမျိုးဖတ်ရှုလေ့လာသည့် အကျင့်ကောင်းများမွေးမြူသွားရေး၊ဆရာ/ဆရာမများ ပြောဆိုဆုံးမ မှုများကို နာခံမှတ်သား လိုက်နာဆောင်ရွက်ကြရန် မှာကြားပြီး ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ စားဖိုဆောင်နှင့် စာကြည့်တိုက်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ပြီးနောက် သင်တန်းကျောင်း ကျောင်းအုပ်၏ တင်ပြချက်များ အပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph