ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနက်တွင်း တူးဖေါ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဉီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ညှိနှိုင်းတောင်းဆိုလာမှုအရ ၂၀၁၉ ခုနှစ်၊ ဇွန်လမှစတင်၍ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း၏ ပေနက်တွင်းတူးစက် အကူအညီရယူကာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကြပ်မတ်ဆောင်ရွက်မှုဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေရှားပါးသောကျေးရွာ (၆) ရွာအတွက် ရေနက်တွင်းတူးဖော်ခြင်း လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့၊ ဝက်လူး ကျေးရွာတွင် ရေနက်တွင်း အနက်ပေ (၁၀၂၀) ပေ တူးဖေါ်လျက်ရှိသည့် လုပ်ငန်းခွင်သို့ လည်းကောင်း၊ တောပြားကျေးရွာ၌ ရေနက်တွင်း အနက်ပေ (၈၆၀) ပေ တူးဖေါ်ပြီး ဂါလံ (၅၀၀၀) ဆံ့ အုတ်ရေကန် (၁) လုံးနှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ကြာကန် ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာတွင် တည်ဆောက်ပြီးစီးခဲ့သည့် အနက် (၇၄၀) ပေ ရေနက်တွင်း၊ ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန် (၁) လုံးနှင့် ရေစက်ရုံသို့လည်းကောင်း၊ မကွေးမြို့နယ် ဆူးကောက်စမ်း ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် တည်ဆောက်ပြီးစီးခဲ့သည့်အနက်ပေ (၅၄၀) ပေ ရေနက်တွင်း၊ ဂါလံ (၅၀၀၀) ဆံ့ အုတ်ရေကန် (၁) လုံးနှင့်  ရေစက်ရုံများသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိ သူများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ရေလှောင်ကန်မှတဆင့် Gravity စနစ်ဖြင့် ကျေးရွာတွင်း အိမ်ခြေအရောက် ပိုက်လိုင်းများ သွယ်တန်းတပ်ဆင်အသုံးပြုနိုင်ရေး၊ ဒီဇယ်အင်ဂျင် (အစား) လျှပ်စစ်မီး ရရှိသောနေရာများတွင် လျှပ်စစ် မော်တာစနစ်ဖြင့် ရေတင်ယူသုံးစွဲနိုင်ရေး၊ ကျေးရွာများအလိုက် ရေပေးဝေရေးကော်မတီ ဖွဲ့စည်း၍ စနစ်တကျ ဖြန့်ဝေပေးနိုင်ရေး၊ စဉ်ဆက်မပြတ် အသုံးပြုနိုင်စေရန်နှင့် ရေရှည်တည်တံ့စေရေး တို့အတွက် ရပ်ရွာမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မဖြစ်မနေ ရေနက်တွင်း တူးဖေါ်ပေးသင့်သည့် နေရာဒေသများတွင် အမှန်တကယ် လိုအပ်ချက် ရှိနေသော သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ညှိနှိုင်းတောင်းဆိုလာမှုအပေါ် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေအရ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ ပေနက် တွင်းတူးစက် အကူအညီဖြင့် ဆက်လက်တူးဖေါ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။