ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg သည် ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင်  မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်‌ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် များစွာအထောက်အကူဖြစ်စေနိုင်သည့် အခြေခံ အဆောက်အဉီများနှင့် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများ၌ တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် တန်ဖိုးနည်းအိမ်ရာများ ဆောင်ရွက်ပေးမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးနှင့် နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် အစားထိုးစိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဗြိတိန်နိုင်ငံနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန တို့၏ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များနှင့် ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

          အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။