ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့ နံနက် (၁၀) နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E.Ms. Andrea Faulkner အား ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားသောဒေသများ၌ တိုက်ပွဲရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ ရေ၊ မီး၊ ပညာရေး၊ ကျန်းမာရေး၊ တန်ဖိုးနည်း အိမ်ရာများ၊ စားနပ်ရိက္ခာ၊ လတ်တလော လိုအပ်လျက်ရှိသည်များအား ထောက်ပံ့ပေးနေမှု အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဩစတြေးလျနိုင်ငံတို့အကြား နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။