ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် လေ့လာရေးကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုနေ့လည်စာ တည်ခင်းခြင်း

နေပြည်တော် အောက်တိုဘာလ ၂ ရက်

  နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ အားလေ့လာရန် နေပြည်တော်သို့ ရောက်ရှိနေသော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်ဦးမြဝင်းနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမများဦးဆောင်သည့်  ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၃) နောက်ဆုံးနှစ် လေ့လာရေး ကျောင်းသား၊ကျောင်းသူ (၂၆၈)ဦးတို့အား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းခြင်း အခမ်းအနားကို (၂-၁၀-၂၀၁၉) ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့နံနက် နိုင်ငံတော်သမ္မတကြီး၏ ဩဝါဒလမ်းညွှန်မှာကြားချက်များကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုပ်ငန်းလမ်းညွှန်ချက်များအဖြစ်ခံယူပြီး သိရှိမှတ်သားနားလည်ရုံနှင့် ရပ်တန့်မထားဘဲ အမှန်တကယ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရေး သည် အလွန်အရေးကြီးပါကြောင်း၊ အောင်မြင်သူ နှင့်မအောင်မြင်သူတို့၏ အဓိကအားနည်းချက်မှာ နားလည်သိရှိပြီး ကြသော်လည်း လက်တွေ့တွင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် သတိမပြု၊ မေ့လျော့နေကြခြင်း ပင်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့နိုင်ငံတော်သမ္မတ၏ ဩဝါဒခံယူပြီးသည့်အပြင် မောင်တို့မယ်တို့မှလည်း လိုက်နာ ဆောင်ရွက်ပါမည်ဟု ကတိကဝတ်များပြုခဲ့ကြပြီးဖြစ်တဲ့အတိုင်း နိုင်ငံတော်က အားကိုးအားထား ပြုရမည့် ပညာရေး ဝန်ထမ်းကောင်းများ၊ ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်အောင် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရား၊ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန်နှင့် လေ့လာရေး သွားရောက် နေသည့်ခရီးစဉ်အတွင်း ရောက်ရှိလေ့လာကြမည့် ဌာနများ၏ သမိုင်းကြောင်းနှင့် အစဉ်အလာများ၊ အမျိုးသားရေးစိတ်ဓာတ်နှင့် တိုင်းပြည် တည်ဆောက်ရေး တိုးတက်ဖြစ်ထွန်းနေမှုများ၊ လုပ်ငန်းဆောင်ရွက်နေမှုများ၊ နေရာဒေသများ၏ ဒေသန္တရဗဟုသုတများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သား စေလိုကြောင်း၊ လေ့လာရေးခရီးစဉ်မှ ရရှိခဲ့သည့် အသိပညာဗဟုသုတများကို မိမိတို့၏လုပ်ငန်းခွင်များ၌ လက်တွေ့တာဝန်ထမ်းဆောင်သည့် အခါတွင် အတွေ့အကြုံများနှင့် သင်ယူတတ်မြောက်ခဲ့သည့်ပညာရပ်များ ပေါင်းစပ်ချင့်ချိန်ပြီး ပြန်လည် အသုံးချသွားဖို့လို ကြောင်း၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို နားလည်သဘောပေါက်ပြီး ပြန်လည်ပေးဆပ် နိုင်ရန် နိုင်ငံတော်၏ သားကောင်း သမီးမွန်များ ပီသစွာဖြင့် မိမိတို့တာဝန်ပေးအပ်ရာ နေရာဒေသများရှိ တိုင်းရင်းသားလူငယ်များအား အနာဂတ်နိုင်ငံတော်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေ ရေး ပြုစုပျိုးထောင်ပေးသွားရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးထံ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပါမောက္ခချုပ်က လေ့လာရေးခရီးစဉ် အမှတ်တရ ပစ္စည်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လေ့လာရေးအဖွဲ့အား ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်၍ ဂုဏ်ပြု နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

      အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၊ ကြီးကြပ်သူဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သတင်းရရှိပါသည်။