ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

အောက်တိုဘာ ၁၃

            နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦး စီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော မြေလမ်း (၁၀/၄) မိုင်၊ ကျောက်လမ်း (၁၄/၄) မိုင်၊ ၃၀'ကွန်ကရစ်တံတား (၁) စင်း၊ Box Culvert (၁၈) စင်း၊ ကွန်ကရစ်ရေပြွန် (၃) ခုနှင့် ဦးစီးဌာန တည်ဆောက်ရေးလုပ်ငန်း (၇) ခုတို့အား ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် (၂၄၄၁ ဒဿမ ၄၃၅) သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး (၁၀၀ %) ဆောင်ရွက်ပြီး ဖြစ်ပါသည်။

            အဆိုပါလုပ်ငန်းများအနက် တောက်ရွှေ-ရှုကိန်းရွှေ-အာလာဗြဲ-ကွမ်းလုံ (၁၀/၀) မိုင် အနက် (၂/၄ )မိုင် မြေလမ်းဖောက်လုပ်ခဲ့ပြီး ကျန်လမ်းပိုင်း (၇/၄) မိုင်အား ခွင့်ပြုရန်ပုံငွေ (၃၀၄.၉) သန်းဖြင့် အပြီးသတ်မြေသားလမ်း ဖောက်လုပ်ဆောင်ရွက်ပြီး၊ ယင်းမြေသားလမ်းပေါ်တွင် (၅×၅×၂၆ )ပေ Box Culvert (၁၁) စင်းအား ခွင့်ပြုရန်ပုံငွေ (၅၇.၃၂၅) သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ခြင်း လုပ်ငန်းတို့အား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

            ယင်းကျေးရွာချင်းဆက်လမ်းနှင့် Box Culvertများ တည်ဆောက်ပေးခဲ့သဖြင့် တရုတ်-မြန်မာ နယ်စပ်ဂိတ် ရန်လုံကျိုင်းမှတစ်ဆင့် လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့နှင့် ကွမ်းလုံမြို့များသို့ ဒေသခံနယ်စပ်ဒေသပြည်သူများ ကုန်စည်ဖလှယ်မှုနှင့် လွယ်လင့်တကူသွားလာနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း သိရှိရပါသည်။