ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

အောက်တိုဘာလ ၁၆

            နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုူစီးပွားဘဝများ အချိုးညီညီ ခံစားနိုင်ရေး ရည်သန်လျှက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော မြေလမ်း (၃/၄) မိုင်၊ ကျောက်လမ်း (၄) မိုင်၊ (၂၀) ပေ ဘေလီတံတား (၁) စင်းနှင့် Box Culvert (၄) စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့အား ခွင့်ပြုရန်ပုံငွေကျပ် (၇၃၆ ဒဿမ ၇၂၈) သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပါသည်။         

            အဆိုပါ လုပ်ငန်းများအနက် မိုင်းရယ်မြို့နယ် ကုန်းညု-ပါကန်းလမ်း (၈) မိုင်အနက် (၆/၀) မိုင်ခွင့်ပြုပြီး ကျန်လမ်းပိုင်း (၂/၀) မိုင် အပြီးသတ်ကျောက်လမ်းခင်းခြင်း လုပ်ငန်းအတွက် ခွင့်ပြုငွေ (၂၇၀.၇၂၁) သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ၎င်းလမ်းပေါ်တွင် လိုအပ်သောနေရာများ၌ (၅×၅×၂၆) ပေ Box Culvert (၂) စင်းတည်ဆောက်ခြင်းလုပ်ငန်း၏ ခွင့်ပြုငွေကျပ် (၈.၉၇၉) သန်းဖြင့် ဆောင်ရွက် ခဲ့ရာ လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသည်။

          ယင်းကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ကုန်းညုကျေးရွာနှင့် ပါကန်း ကျေးရွာရှိ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး တိုးတက်မြင့်မားလာပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ခံစားလာရမည်ဖြစ်ပါသည်။