သော်ခူကျေးရွာနှင့် ပရယ်ဆော်ခူကျေးရွာအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲသို့ ကယားပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ပေးအပ်

ဖရူဆို ဇွန် ၅

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လျှပ်စစ်ဓာတ်အားလိုင်းများ မရောက်ရှိသေးသော ကျေးရွာများတွင် ဆိုလာစနစ်ဖြင့် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သော်ခူကျေးရွာနှင့် ပရယ်ဆော်ခူကျေးရွာအတွက် ဆိုလာနှင့် ဆက်စပ် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖရူဆိုမြို့နယ် ပလဲလယ် ကျေးရွာ ခန်းမဆောင်၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့ အခမ်းအနားသည် ကျေးရွာ နှစ်ရွာ အတွက် တစ်ရွာလျှင် ဆိုလာ(၁၉)စုံနှုန်းဖြင့် စုစုပေါင်း ဆိုလာ ၃၈ စုံကို ပေးအပ် သွားမည်ဖြစ်ပြီး လျှပ်စစ်မီး ရောက်ရှိရန် ခက်ခဲသည့် ကျေးရွာများကို အဓိက ပေးအပ်လျက်ရှိပြီး လျှပ်စစ် ဓာတ်အားလိုင်း ရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ် မီးလိုင်း များ မရောက်မီကာလအတွင်း ဆိုလာစနစ်ဖြင့် အသုံးပြုနိုင်ရန် ယခုလိုပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အနေနှင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် (၈၀)ရာခိုင်နှုန်းကျော် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီးလာမည့်ဘဏ္ဍာနှစ်တွင် ဖရူဆိုမြို့နယ်အတွင်း လျှပ်စစ်မီးကဏ္ဍအတွက် ၁ ဒသမ ၆ ဘီလီယံခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ အစိုးရအနေနှင့် လျှပ်စစ်မီးလိုင်း လုံး၀ မရရှိ သေးသည့် ကျေးရွာကို ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်း လျှပ်စစ်မီး ရရှိသည့် နေရာများကိုလည်း ဦးစားပေးအဆင့်အလိုက် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာများက ကျေးရွာနှစ်ရွာအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်း ၃၈ စုံအား ကျေးရွာ ပြည်သူလူထုများထံ ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ တင်ပြချက်အပေါ် ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့် နန်းခွီးခိုကျေးရွာ ဖွံ့ဖြိုးရေးခန်းမဆောင်အတွက် ဘိလပ်မြေ (၅၀)အိတ်၊ ပလဲလယ်ကျေးရွာ ခန်းမဆောင်အတွက် ဘိလပ်မြေ (၅၀)အိတ်၊ ပလဲလယ်ကျေးရွာ နှစ်ခြင်း ဘုရားကျောင်းနှင့် ခန်းမဆောင် လျှပ်စစ်မီတာ တပ်ဆင်ရန်အတွက် ငွေကျပ် နှစ်သိန်း၊ ပရယ်ဆော်ခူကျေးရွာ ခန်းမဆောင် ဆောက်လုပ်ရန် အတွက် လက်သမားခ ငွေကျပ် ငါးသိန်း၊ သော်ခူကျေးရွာပြည်သူများအတွက် Skynet တစ်စုံအား ထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှမျိုးဆွေ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော် (၃)ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)