“ဝ” ဒေသ သံဃာတော်များအတွက် (၂၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၇
    နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟို ကော်မတီအစီအစဉ်အရ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် သံလွင်အရှေ့ခြမ်းရှိ သံဃာတော်များအတွက် (၂၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတွင်းရှိ သာသနဟိတကာရီဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဦးစီးပဓါန နာယက သာသနာပြုဗဟိုခေါင်းဆောင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစိန္တာ အမှူးပြုသော သံလွင်အရှေ့ခြမ်း ပန်ဆန်း၊ ဝိန်းကောင်၊ နားဖန့်၊ မန်မန်ဆိုင်၊ နားဝီး၊ မက်မန်း၊ ဟိုပန်၊ မိုင်းမော၊ နမ့်တစ်ဒေသများမှ ဆရာတော် အရှင်သူမြတ်များ ကြွရောက်တော်မှုကြပြီး အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့(ကိုယ်စား) ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဉက္ကဌ ဦးဝင်းကျော်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့(ကိုယ်စား) ဦးစန်းလွင်၊ “ဝ”အထူးဒေသ(၂)ကော်မတီဝင် ဦးစံမောင်၊  နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီး ဌာန(ကိုယ်စား) ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
    အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်တို့ က မက်မန်းမြို့၊ ပညာဒီပကျောင်းတိုက် ဦးစီးပဓါနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
    ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့်ဇနီးတို့ကလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသော အလှူရှင်အသီးသီးတို့က ဝါဆို သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    ၎င်းနောက် ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကုသလထံမှ  သာဓုအနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း ၍ ရုပ်သိမ်းပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
    ယနေ့အခမ်းအနားတွင် ပန်ဆန်း၊ ဝိန်းကောင်၊ နားဖန့်၊ မန်မန်ဆိုင်၊ နားဝီး၊ မက်မန်း၊ ဟိုပန်၊ မိုင်းမော၊ နမ့်တစ် ဒေသများ၌ သီတင်းသုံးနေထိုင်ကြကုန်သော သံဃာတော် (၅၂၇)ပါး၊ ရှင်သာမဏေ (၂၈၈၉)ပါးတို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သင်္ကန်းဒွိစုံ (၅၀၀)စုံ၊ ရှင်ကြီးဝတ် သင်္ကန်း (၁၂၀၀)စုံ၊ ရှင်လတ်ဝတ် သင်္ကန်း (၃၀၀)စုံ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူတော်ငွေကျပ် (၁၀)သိန်း၊ အရှေိ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးတို့မှ သင်္ကန်း (၅၀)စုံနှင့် ကုမ္ပဏီအသင်းအဖွဲ့များမှ သင်္ကန်းဒွိစုံ (၅၅၅)စုံ တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝေဠုဝန်ကျောင်းတိုက်၌ ပန်ဆန်း၊ ဇေတဝန်ရွှေထီး သာသနာပြုကျောင်းတိုက်၊ ချင်းရွှေဟော်ကျောင်းတိုက်၊ ကိုင်းကုန်းကျောင်းတိုက်များသို့ ဆွမ်းဆန် တော်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝေဠုဝန်ကျောင်းတိုက်နှင့် ရွှေမောင်းသီလရှင်ကျောင်း တိုက်၌ ဆွမ်းဆန်တော်အတွက် အလှူငွေများနှင့် ကျောင်းတိုက်များတွင် ပညာသင်ကြားနေကြသော ဒေသခံကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံ/ဗလာစာအုပ်၊ စာရေးကိရိယာများ လှူဒါန်းခဲ့ကြ ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနမှ သီလရှင် ဝတ်စုံ(၄၀၀)စုံအား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph