၂၀၁၆− ၂၀၁၇ ဘဏ္ဍာနှစ်ရန်ပုံငွေ (၇၈၀)သန်းဖြင့်ဆောင်ရွက်ခဲ့သော တမူးမြို့ ရေပေးဝေရေး လုပ်ငန်းဖွင့်ပွဲကျင်းပ

၂၀၁၇၊ နေပြည်တော် မေ ၆ ရက်
          နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် မေ ၄ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့သို့ရောက်ရှိကာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၆− ၂၀၁၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၇၈၀)ဖြင့်ဆောင်ရွက်ခဲ့သော တမူးမြို့ပေါ် (၄)ရပ်ကွက် ရေပေးဝေရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
          အခမ်းအနားအစီအစဉ်အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဝင်းကျော်သွင်က ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့သော တမူးမြို့ပေါ် (၄)ရပ်ကွက် ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဒေသခံရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင် စကား ပြောကြားသည်။ ယင်းနောက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန်းနိုင်၊ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကိုကိုထွေးတို့က ရေပေးဝေရေး လုပ်ငန်းစက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
          ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရေပေးဝေရန် စက်ခလုတ်ဖွင့် လှစ်ပေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေစုပ်စက်ခန်း၊ ရေလှောင်ကန်များ၊ ရေတင်စက်များနှင့် လျှပ်စစ်သွယ်တန်းထားခြင်းလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တက်ရောက်လာသော ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။
          ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တမူးမြို့တွင်း ကတ္တရာလမ်း (၁)မိုင် ခင်းခြင်း လုပ်ငန်းနှင့် မင်္ဂလာရေကန် အမိုးမိုးခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး ခဲ့သည်။ ထို့နောက် တမူးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(အသစ်) ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။
          ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်း၌ ကလေးမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေ:ကျောင်းသို့ သွားရောက်၍ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အိပ်ဆောင်များ၊ စားရိပ်သာနှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။