၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပွင့်လင်းမြင်သာစွာ တင်ဒါဖွင့်လှစ်ဆောင်ရွက်

နေပြည်တော်၊ ဧပြီ ၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (ကျပ် ၃၃.၀ ဘီလီယံ) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လမ်းတံတားလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေး လုပ်ငန်း၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ သောက်သုံးရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း၊ သာသနာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ဒါများခေါ်ယူခဲ့ပြီး ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် တင်ဒါဖွင့်လှစ်ပွဲအခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၄၂)စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန တင်ဒါစိစစ်ရွေးချယ် ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
    ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် Lot(127) ခုတို့အတွက် ကုမ္ပဏီပေါင်း (၅၈၀) ခုတို့အား တင်ဒါ ခေါ်ယူ၍ ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
    ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စု တိုင်းရင်သားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့် စစ်ကိုင်း)၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း (၁၅၀) ခု (ကျပ် ၂၆၁၃.၈၃၆ သန်း)အား တင်ဒါခေါ်ယူခဲ့ရာ Lot (16) ခုအတွက် ကုမ္ပဏီပေါင်း(၅၆)ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပွင့်လင်းမြင်သာစွာဖြင့် ဖွင့်ဖောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph