(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲပြိုင်ပွဲများကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၄ ရက်

          (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီ တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး တက်ရောက်၍ ဆုချီးမြှင့်သည်။

          (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ ဝန်ထမ်းများ နေထိုင်ရာရပ်ကွက်အသီးသီးရှိ စာသင်ကျောင်းများကိုအခြေခံ၍ နယ်စပ်ရေးရာဝန်ကြီးဌာနသည် အမျိုးသားလွှတ်တော်ရုံး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ အထောက်အကူပြုလျက် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း လွတ်လပ်ရေး နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းဖြစ်သည်။

          အဆိုပါပြိုင်ပွဲများကို အသက်အရွယ်အလိုက် ကျား/မခွဲခြား၍ အပြေးပြိုင်ပွဲ၊ မီနီမာရသွန် ပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ခြေပူးပြေးပြိုင်ပွဲ၊ အပ်ထိုးပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြေးပြိုင်ပွဲ၊ အာလူးကောက်ပြေးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ  စုစုပေါင်း အားကစားနည်း ၁၁ မျိုးကို ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ မှီခိုများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ စုံညီစွာတက်ရောက် အားပေးကြသည်။

          ဦးစွာ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ဝန်ကြီးဌာနအသင်းအလိုက် ထုတ်ဆီး တိုးပြိုင်ပွဲများ၊ ဂုန်နီအိတ်စွပ်ပြေးပြိုင်ပွဲများ၊ ချောတိုင်တက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု၊ ကျောင်း သား/ကျောင်းသူများ၏ အားကစားနည်းမျိုးစုံအလိုက် ယှဉ်ပြိုင်ကစားနေမှုတို့ကို ကြည့်ရှုအားပေးသည်။

          ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် သက်ဆိုင်ရာအကြီးအကဲများက ပြိုင်ပွဲအလိုက်ဆုရရှိသည့် အားကစားသမားများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။