အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး အဖွဲ့၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ်လ ၂၃ရက်
        အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ တတိယအကြိမ်ညှိနှိုင်း အစည်းအဝေးအား ယနေ့နေ့လည် (၃) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုခဲ့ရာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
   ရှေးဦးစွာအစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၊ ဥက္ကဌက မိမိ၏အဖွဲ့အနေဖြင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှေ့ပြေးစီမံကိန်း (Pilot Project) ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတွင် ကျေးရွာအုပ်စု (၄) အုပ်စု သို့ ကွင်းဆင်းစစ်တမ်း ကောက်ယူခြင်း လုပ်ငန်းများအား (၁-၂-၂၀၁၇) မှ (၁၆-၂-၂၀၁၇)ရက်နေ့အထိ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နောင်တရားဒေသအတွင်း ပေါ့အင်ကျေးရွာ အုပ်စု၊ လွယ်မောကျေးရွာ အုပ်စု၊ ပင်ခင်ကျေးရွာအုပ်စုနှင့် မွှေးပြင်ကျေးရွာအုပ်စု (၄) စု ၌ ကျေးရွာ ပေါင်း (၉၇) ရွာရှိပြီး ၎င်းကျေးရွာများ၌ စီမံကိန်းလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ အဓိကဆောင်ရွက်ပေးရမည့် အချက်များမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေးတို့ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနအနေဖြင့် စီမံကိန်း အောင်မြင်နိုင်ရေးအတွက် ဝိုင်းဝန်းလုပ်ကိုင်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများ အား ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ သက်ဆိုင်ရာ စီမံကိန်းဒေသများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ကြီးကြပ်အဖွဲ့၊ ကွင်းဆင်းစစ်တမ်း ကောက်ယူသည့် ပူးပေါင်းအဖွဲ့များမှ ကောင်းမွန်သောစီမံချက်များ ရေးဆွဲနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် စစ်တမ်းများ၊ မြေပြင်တွေ့ရှိချက်များနှင့် ဒေသခံတိုင်းရင်းသားများ၏ အမှန်တကယ် လိုအပ်ချက်များကို ပွင့်ပွင့် လင်းလင်း တင်ပြဆွေးနွေးသွားကြရန်မှာကြားခဲ့ပါသည်။
   ဆက်လက်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်းရှိ ကျေးရွာအုပ်စု (၄) အုပ်စုတို့၏ ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့သည့် ပူးပေါင်းအဖွဲ့မှ ရှေ့ပြေး စီမံကိန်းလုပ်ငန်းများ ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခြင်းနှင့် ဝိုင်းဝန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး အဖွဲ့၊ ဥက္ကဌမှတင်ပြချက်များ၊ ဆွေးနွေးချက်များနှင့် ပတ်သက်၍ လိုအပ်ချက်ရှိသည်များနှင့် ထပ်မံဆောင်ရွက်သွားမည့် အစီအမံများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph