အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်
    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့အောက်ရှိ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ ဒုတိယ အကြိမ်ညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေးအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက် အမှာစကားပြောကြားခဲ့ ပါသည်။
    ရှေးဦးစွာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဌက မိမိတို့အဖွဲ့အား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ တို့ဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းထားပါကြောင်း၊ လုပ်ငန်း တာဝန် (၁၆)ရပ်တွင် မူဝါဒ၊ ပူပေါင်းဆောင်ရွက်ခြင်း၊ ဆန်းစစ်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်းနှင့် ရန်ပုံငွေစသည့် ခေါင်းစဉ် များအလိုက် ဆောင်ရွက်နိုင်ရန် ထည့်သွင်းရေးဆွဲထားပါကြောင်း၊ အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက် နိုင်ရန်အတွက် မူဝါဒနှင့် လုပ်ငန်းအစီအစဉ် များ ရေးဆွဲဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ(၂)ရပ်ချမှတ်၍ လမ်းပြမြေပုံရေးဆွဲရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။
    ဆက်လက်၍ ဥက္ကဌက မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီကာကွယ်ရေး ဗဟိုအဖွဲ့မှ မူးယစ်ဆေးဝါး ပပျောက်ရေး (၅)နှစ်စီမံကိန်း အား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ကချင်ပြည်နယ်အတွင်း (၆)မြို့နယ်၊ ကယား ပြည်နယ်အတွင်း (၃)မြို့နယ်၊ ချင်းပြည်နယ်အတွင်း (၂)မြို့နယ်နှင့် ရှမ်းပြည်နယ် အတွင်း (၄၀)မြို့နယ်များအတွင်ရှိ စုစုပေါင်းမြို့နယ် (၅၁)မြို့နယ်တွင် မူးယစ်ဆေးဝါး ပပျောက် ရေးဆောင်ရွက်ရန် သတ်မှတ်ထားခဲ့သည်မှာ ယခုနှစ်ဆိုလျှင် တတိယနှစ် သို့ ရောက်ရှိနေပြီး ဖြစ်ပါကြောင်း၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့ဟာ ယခင်ကတည်းက ဖွဲ့စည်းထားပြီး ဖြစ်သည့်အတွက် ယခုပြင်ဆင် ဖွဲ့စည်းထားသည့်အဖွဲ့တွင် ပါဝင်သည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများအနေဖြင့် မိမိတို့ဌာနများ၏ အစားထိုး ဖွံ့ဖြိုးမှုများနှင့် ပတ်သက်၍ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ပြည့်ပြည့်စုံစုံဖြင့် အကြံပြုဆွေးနွေးသွားကြရန် မှာကြားခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများမှ ကိုယ်စားလှယ် များက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအမံများအား အသေးစိတ် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး အဖွဲ့ဥက္ကဌက တင်ပြချက်များ အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph