အစားထိုးဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ ဇူလိုင်လ ၉ ရက်
    အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်းရှိ ကျေးရွာအုပ်စု (၄) အုပ်စု၏ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း၊ စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
    ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နံနက်ပိုင်းတွင် နောင်တရားမြို့နယ်ခွဲ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသခံတိုင်းရင်းသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ အစားထိုးဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှေ့ပြေးစီမံကိန်း (Pilot Project) လုပ်ငန်းဖြစ်သည့် နောင်တရားဒေသအတွင်း၌ အစားထိုးဖွံ့ဖြိုးမှု လုပ်ငန်းများအား စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နောင်တရားဒေသအတွင်းရှိ ပေါ့အင်ကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စုနှင့် မွှေးပြင်ကျေးရွာအုပ်စု (၄) ခုတို့၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လမ်း/တံတား၊ လျှပ်စစ်မီးရရှိရေးနှင့် အသေးစားချေးငွေ လုပ်ငန်းများအား (၃) နှစ်သက်တမ်းအတွင်း လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား များအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဒေသခံတိုင်းရင်းသားများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နောင်တရားမြို့နယ်အတွင်း ရှေ့ပြေးစီမံကိန်း (Pilot Project) ဆောင်ရွက်နေသည့် လမ်းတံတားလုပ်ငန်းများအား ကြည်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph