နေပြည်တော်၊ သက်မွေးပညာ
နိုဝင်ဘာလ ၂၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှုပညာသင်တန်းကျောင်း အောင်ပန်း၊ လပွတ္တာ၊ ပုဏ္ဏားကျွန်း၊ ဘားအံတို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမအကြိမ်သင်တန်းတွင် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်းနှင့် လက်ကိုင်ဖုန်းပြင် သင်တန်းတို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကိုနိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းများ၌ ကျင်းပသည်။
အောင်ပန်းနယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းကလည်းကောင်း၊ လပွတ္တာနယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က လည်းကောင်း၊ ပုဏ္ဏားကျွန်းနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင် တန်းကျောင်း၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ကလည်းကောင်း တက်ရောက်၍ သင်တန်းဖွင့်အမှာ စကားများပြောကြားကြပြီး ကျောင်းအုပ်များက သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြကြသည်။
အဆိုပါ သင်တန်းကျောင်းလေးကျောင်းတွင် ဆောက်လုပ်ရေးသင်တန်းသို့ ၃၅ ဦး၊ လျှပ်စစ် သင်တန်းသို့ ၃၄ ဦး၊ ဂဟေသင်တန်းသို့ ၄၀ ဦး၊ မော်တော်ယာဉ်စက်ပြင်သင်တန်းသို့ ၆၂ ဦးနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းသို့ ၁၅ ဦး စုစုပေါင်းသင်တန်းသား ၁၈၆ ဦးတို့အား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်အထိ ရက်သတ္တပတ် ၂၂ ပတ်ကြာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ  ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသားများ နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်း များ အခမဲ့ထောက်ပံ့၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။