ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း လမ်း/တံတားဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော် ဧပြီလ ၁၁ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပင်းတယမြို့နယ်၊ ရွှေပုထိုး-ပန်းစစ်-ကြံခင်းမြောင်း ကတ္တရာလမ်း (၃/ဝ) မိုင် ဖွင့်ပွဲနှင့် ပင်းတယမြို့နယ်၊ တပ်ကြီး-ကံလှကုန်းကျောက်လမ်း (၃/ဝ) မိုင် ဖွင့်ပွဲ အခမ်းအနား များအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်း၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

     အခမ်းအနားများတွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ကျေးရွာပြည်သူလူထု ကိုယ်စားလှယ်များမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများသည် ရွှေပုထိုး-ပန်းစစ်-ကြံခင်းမြောင်း ကတ္တရာလမ်း (၃/ဝ) မိုင် နှင့် တပ်ကြီး-ကံလှကုန်းကျောက်လမ်း (၃/ဝ) မိုင် တို့အား အခမ်းအနားပြုလုပ်ရာ နေရာများ၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဆောင်ရွက်ပြီးစီးခဲ့သည့် လမ်းများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှာ ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်အစိုးရရန်ပုံငွေ စုစုပေါင်း ခွင့်ပြုရန်ပုံငွေ (၅၃၈၁.၆၀၂၅) သန်းဖြင့် လမ်း/တံတား၊ ပညာရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ သာသနာရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုဖွင့်လှစ်ခဲ့သည့် လမ်းများပြီး မြောက်ခဲ့သည့်အတွက် ပင်းတယမြို့နယ် အတွင်းရှိ ကျေးရွာ (၅) ရွာ၊ အိမ်ထောင်စု (၈၈၂) စုနှင့် လူဦးရေ (၃၉၂၁) ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် ရာသီမရွေးသွားလာနိုင်တော့မည် ဖြစ်ပါသဖြင့် ဒေသခံပြည်သူ များမှာ အထူးဝမ်းမြောက်ပျော်ရွှင် လျက်ရှိကြောင်း သတင်းရရှိပါသည်။