ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ရှိ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်း အမှတ်စဉ် (၁၄) ဆင်းပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ အောက်တိုဘာ (၃၀)
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်သည့် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၄)၏ သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်မိန့်ခွန်း ပြောကြား သည်။ 
        အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဆရာ၊ဆရာမများ၊  သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ နှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် က တိုင်းရင်းသား လူမျိုးပေါင်း (၁၀၀)ကျော်ဖြင့် ပေါင်းစည်းတည်ထောင်ထားသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံးသည် ညီရင်းအစ်ကို မောင်ရင်းနှမများသဖွယ် ရှေးနှစ်ပေါင်းများစွာ ကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အတူတကွ ပူးပေါင်းနေထိုင်ခဲ့ကြကြောင်း၊ ကိုလိုနီနယ်ချဲ့တို့၏  ခွဲခြား အုပ်ချုပ်မှုစနစ်ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးအချင်းချင်း အကြားတွင် ယုံကြည်မှု ပျက်ပြားကာ သံသယများ ပိုမိုပွားများခဲ့ပြီး လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ပြည်တွင်း ဆူပူသောင်းကျန်းမှုများကြောင့် ပြည်မနှင့်နယ်စပ် ဖွံ့ဖြိုးတိုးတက်မှု ကွာဟခဲ့ရကြောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များဟာ အဖက်ဖက်မှာ အားနည်း နိမ့်ကျနေခဲ့ရကြောင်း။ အစိုးရ အဆက်ဆက်က နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်းများ ချမှတ်ပြီး ကြိုးစား ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများရဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း။ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များအား အခြေခံ၊ အဆင့်မြင့် ပညာရပ်များ လေ့ကျင့် သင်ကြားပေးပြီး နယ်စပ်ဒေသများ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်နဲ့ စစ်ကိုင်းတို့ကို ထူထောင် ဖွင့်လှစ်ပေး လျက်ရှိကြောင်း။ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် စစ်ကိုင်းကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ (၃၅၉) ဦး၊ သိပ္ပံဘွဲ့ (၆၇၀) ဦး၊ B.Tech (၁၃၉) ဦး၊ အင်ဂျင်နီယာဒီပလိုမာ (၆၀၅) ဦး စုစုပေါင်း တိုင်းရင်းသားလူငယ် (၁၇၇၃) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ အရည်အချင်းပြည့်မီ၍ ဆက်လက် သင်ယူလေ့လာ ခဲ့ကြရာ Ph.D ဘွဲ့ (၁၈) ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၄၆) ဦး၊ မဟာသိပ္ပံဘွဲ့ (၉၄) ဦး၊ ME (၁၉) ဦး၊ BE (၂၆၂) ဦး၊ B.Tech (၂၀၇) ဦး ရှိပြီ ဖြစ်ကြောင်း။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ယနေ့ခေတ်သည် ပညာခေတ် ဖြစ်သည်နှင့် အညီ စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများ ဖြစ်လာစေရေး အစဉ်လေ့လာ သင်ယူနေ သည့် လူ့ဘောင်အဖွဲ့အစည်းအတွင်းတွင် Long Life Learning အနေဖြင့် လက်ရှိထက်ပိုပြီး အဆင့်မြင့်သည့် မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့ သင်တန်းများကို နိုင်ငံ့တာဝန်များ ထမ်းဆောင် ကြရင်း တစ်ပြိုင်နက် ဆက်လက်တက်ရောက် ဆည်းပူးနိုင်အောင် ကြိုးစားသွားကြရန်၊ ပြောင်းလဲလာသည့် ခေတ်နဲ့အညီ အင်္ဂလိပ်စာ နဲ့ ICT နည်းပညာ များကိုလည်း မျက်ခြေမပြတ် လေ့လာသွားကြရန်၊ ICT နည်းပညာနှင့် Social Media တို့ကိုလည်း မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံ ကောင်းကျိုးရရှိစေရေးအတွက်သာ အသိ သတိဖြင့် အသုံးပြု လေ့လာကြရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အရည်အချင်း၊ အရည်အသွေးများ ပိုမိုမြင့်မားလာအောင်လည်း စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးသွားကြရန် မှာကြားလိုကြောင်း။
    သင်တန်းဆင်း မောင်မယ်တို့အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှာ “နိုင်ငံ့ဝန်ထမ်း”  များ အဖြစ် တာဝန်ထမ်းဆောင်ကြတော့မည် ဖြစ်သဖြင့် လုပ်ရည်ကိုင်ရည် ရှိသည့်၊ ယုံကြည်ချက် ခိုင်မာမှုရှိသည့်၊ ကျင့်ဝတ်သိက္ခာ ပြည့်စုံသည့်၊ ဘက်လိုက်မှု ကင်းရှင်း စွာဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရေး၊ ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည် မြင့်မား တိုးတက်စေရေး အခြေခံ အုတ်မြစ်များဖြစ်သည့် စရိုက်လက္ခဏာ ကောင်းမွန်မှု (Ethos)၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု (Ethics)၊ တန်းတူညီမျှမှု (Equity)၊ စွမ်းဆောင်ရည် ပြည့်ဝမှု (Efficiency) တို့ဖြင့် ပြည့်စုံသူများ ဖြစ်လာစေဖို့ လိုအပ်ကြောင်း။
    ထို့အပြင် တာဝန်ကျရာဒေသများတွင် မိမိတို့၏ဌာန တာဝန်များအပြင် တိုင်းပြည်၏ အပစ်အခတ် ရပ်စဲရေးမှ ငြိမ်းချမ်းတည်ငြိမ်ရေး ရရှိသည်အထိ ကျရာ ကဏ္ဍမှ ပူးပေါင်း ပါဝင် ဆောင်ရွက်သွားကြရန်၊ မိမိကိုယ်တိုင်က မူးယစ်ဆေးဝါး ကင်းစင်တဲ့သူ ဖြစ်ဖို့ လိုသလို ဒေသခံပြည်သူလူထုကိုလည်း မူးယစ်ဆေးဝါးကင်းစင်သူများ၊ မူးယစ်ကင်းစင်သည့် ပတ်ဝန်းကျင် ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ရောက်ရှိရာ ဒေသများရှိ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေနဲ့ ဓလေ့ထုံးစံများကို အစဉ် မြတ်နိုးစွာ ထိန်းသိမ်းသွားကြရန်၊ မူလလုပ်ငန်း တာဝန်များအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း ဆိုင်ရာလုပ်ငန်းများ အသိပညာ ပြန့်ပွား ဖြန့်ဝေရေး လုပ်ငန်းများကိုလည်း တတ်နိုင်သရွေ့ စီမံဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ မိမိတို့ ထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေနဲ့ ဇွဲ၊ လုံ့လ ဝီရိယ၊ ကျွမ်းကျင်မှု၊ လေ့လာဆည်းပူးမှုနဲ့အတူ ပေးအပ်သည့် တာဝန်များ အပေါ် အကောင်းဆုံးဖြစ်အောင် ထမ်းဆောင် ကြရန် တိုက်တွန်းမှာကြားပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် က ဝိဇ္ဇာဘာသာရပ် ထူးချွန်ဆုရ ကျောင်းသား နှင့် သိပ္ပံဘာသာရပ် ထူးချွန်ဆုရကျောင်းသား တို့အား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က A.G.T.I ထူးချွန်ဆု ရရှိသူ အား လည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးဌာန (၁၃) ခု တို့မှ ကိုယ်စားလှယ်များက ဝန်ကြီးဌာနအသီးသီးသို့ အလုပ်တာဝန် ခန့်အပ်ခြင်း ခံရသော သင်တန်းဆင်း ကျောင်းသား ကျောင်းသူ (၂၀၆) ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်ခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင် ဧည့်ခန်း၌ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား အားပေးစကား ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော် များသည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပါသည်။
    ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး တို့က သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
    ယနေ့ကျင်းပသော ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၄) တွင် ဝိဇ္ဇာဘွဲ့ (၄၆) ဦး၊ သိပ္ပံဘွဲ့ (၈၄) ဦးနဲ့ A.G.T.I ဒီပလိုမာ (၇၆) ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တိုင်းရင်းသားလူငယ်မောင်မယ် စုစုပေါင်း (၂၀၆) ဦး တက်ရောက် အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph