ဟိုပန်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြုငွေဖြင့် စာသင်ကျောင်းဆောင် ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဟိုပန်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြုငွေဖြင့် စာသင် ကျောင်း‌ဆောင် ဆောက်လုပ်နေမှုကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
    ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဟိုပန်မြို့နယ် စံပြကျေးရွာ တိုးချဲ့ကွက်သစ်၌ နယ်စပ်ဒေသ ဖွံ့ဖြိး‌ရေး ခွင့်ပြုငွေ ငွေကျပ် ၆၄ ဒသမ ၆ သန်းဖြင့် ယခုနှစ် နိုဝင်ဘာလမှစ၍ စာသင်ကျောင်းဆောင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
    “နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေနဲ့ ဟိုပန်မြို့နယ် ထဲက စံပြကျေးရွာ တိုးချဲ့ကွက်သစ်မှာ အာရ်စီတစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ပေးနေပါတယ်။ တင်ဒါအောင်တဲ့ ဟန်နီဦးကုမ္ပဏီက ဆောက်လုပ်နေတာပါ။ အဆောက်အအုံ သတ်မှတ်စံချိန် စံညွှန်း ပြည့်မီစေဖို့နဲ့ အချိန်မီပြီးစီးစေဖို့ စစ်ဆေးကြပ်မတ်နေပါတယ်။ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ QC အဖွဲ့တွေနဲ့လည်း စစ်ဆေးဆောင်ရွက်မှာပါ” ဟု ဦးကျော်စွာဝင်းက ပြောသည်။
    ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ဟိုပန်မြို့နယ် စံပြကျေးရွာ တိုးချဲ့ကွက်သစ်၌ အလျား ပေ ၆၀၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေရှိ အာရ်စီတစ်ထပ်ကျောင်းဆောင်သစ် ‌ဆောက်လုပ်ပေးနေခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးဆောက်လုပ်မည် ဖြစ်ကြောင်း၊ အဆိုပါစံပြကျေးရွာ တိုးချဲ့ကွက်သစ်၌ ဆိုလာမီး ၁၃၇ စုံကိုလည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုငွေ ငွေကျပ် ၃၆ ဒဿမ ၈၇၆ သန်းဖြင့် တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။