ဝန်ကြီးဌာနနောက်ခံသမိုင်းကြောင်း

     မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် အချိန်မှစတင်၍ တိုင်းရင်းသားအချင်းချင်း အထင်အမြင်လွဲမှုားမှု၊ အယူအဆ ကွဲပြားမှုများကြောင့် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးပေါ်ပေါက်လာမှုကြောင့် ခေတ်အဆက်ဆက် အစိုးရများသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်   ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ကြပါ။ ၁၉၈၉ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့ တရားဥပဒေဘောင်အတွင်း စတင်ဝင်ရောက်လာသည့် အချိန်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေး လုပ်ငန်းများနှင့်အတူ နယ်စပ်ဒေသဖွံ့ဖြိုးရေးကိုသာ တစ်ဆင့်ထက်တစ်ဆင့် တိုးမြှင့်ပြီး စနစ်တကျ စီမံကိန်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တည်းဟူသော အမျိုးသားရေးတာဝန် (၃) ရပ်၊ တစ်နည်းအားဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျှက် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေးရှု၍ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ၁၉၈၉ ခုနှစ်တွင် အင်တိုက်အားတိုက် စတင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

     နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် အရာထမ်း (၄၉) ဦး၊ အမှုထမ်း (၁၅၈) ဦး၊ ဝန်ထမ်းစုစုပေါင်း (၂၀၇) ဦးဖြင့် ဖွဲ့စည်းထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံးအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လက်အောက်တွင် သီးခြားရုံးတစ်ရုံးအဖြစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရုံး၏ ၁၉၉၂ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့စွဲပါ ရုံးအမိန့် အမှတ်စဉ် (၁၇/၉၂) ဖြင့် စတင် ဖွဲ့စည်းခဲ့ပါသည်။ နယ်စပ်ဒေသနှင့်တိုင်ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံး ဖွင့်လှစ်ဆောင်ရွက်ရာမှု လုပ်ငန်းများ ကျယ်ပြန့်လာသည်နှင့်အညီ မျက်ခြည်မပြတ် ကွပ်ကဲကြပ်မတ် ညှိုနှိုင်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် (၂၄-၉-၁၉၉၂) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၅၄/၉၂) ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းပေးခဲ့ပါသည်။ ထို့နောက် လုပ်ငန်းလိုအပ်ချက်အရ (၃၀-၁-၁၉၉၄) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၅/၉၄) ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်သမ္မတရုံး၏ (၃၀-၃-၂၀၁၁) ရက်စွဲပါ စာအမှတ် (၄/၂၀၁၁) အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနအား ရပ်ဆိုင်းပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။